"Moderna arm" လို့ခေါ်တဲ့ ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုအပေါ် လေ့လာချက် ဂျပန် ထုတ်ပြန်

Moderna ကုမ္ပဏီရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအပေါ် အချိန်ကြာမှ ဖြစ်ပေါ်တဲ့ ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုနဲ့ပတ်သက်တဲ့ ပထမဦးဆုံး လေ့လာချက်ကရတဲ့ ရလဒ်တွေကို ဂျပန်အစိုးရရဲ့ သုတေသန အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

"Moderna arm" လို့ လူသိများတဲ့ ဒီ တုံ့ပြန်မှုဟာ အမေရိကန် ကုမ္ပဏီ Moderna ရဲ့ ကာကွယ်ဆေးကို ထိုးပြီးနောက် သီတင်းတစ်ပတ်ကျော်ကြာမှ လက်မောင်းမှာ အနီရောင် အကွက်တွေထွက်တာ ဒါမှမဟုတ် ယားယံတာတွေ ဖြစ်ပေါ်တာပါ။
အဲဒီ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးခဲ့ပြီးနောက် ၉ ရက်နဲ့ အထက် ကြာမြင့်တဲ့ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁,၄၄၇ ဦးကို အဲဒီ သုတေသနအဖွဲ့က စစ်ဆေးလေ့လာခဲ့ပါတယ်။
အဲဒီလူတွေရဲ့ ၃.၅ ရာခိုင်နှုန်းဟာ ၉ရက်မြောက်နေ့မှာ၊ ၄ ရာခိုင်နှုန်းက ၁၀ ရက်မြောက်နေ့မှာနဲ့ ၂.၆ ရာခိုင်နှုန်းက ၁၁ ရက်နဲ့ အထက် ကြာပြီးချိန်မှာ အနီရောင် အကွက်တွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီ ကာကွယ်ဆေး ထိုးခဲ့သူတွေရဲ့ ၂.၇ ရာခိုင်နှုန်းက ၉ ရက်မြောက်နေ့မှာ လက်မောင်းတွေ ယားယံခဲ့ပြီး ၂.၄ ရာခိုင်နှုန်းက ၁၀ ရက်မြောက်နေ့မှာနဲ့ ၁.၃ ရာခိုင်နှုန်းက ၁၁ ရက်နဲ့ အထက်ကြာပြီးချိန်မှာ အဲဒီလို ဖြစ်ခဲ့ကြပါတယ်။
Juntendo တက္ကသိုလ် ဆေးပညာရပ်ဌာနရဲ့ ဧည့်ပါမောက္ခ Ito Suminobu က အဲဒီ သုတေသနအဖွဲ့ကို ဦးဆောင်ပါတယ်။
ပါမောက္ခ Ito က တချို့သူတွေမှာ အဲဒီလို လက္ခဏာတွေ ပျောက်သွားပြီးနောက် တစ်ခါပြန် ပေါ်လာတာမျိုး ဖြစ်နိုင်ပေမဲ့ ဖြစ်ပွားသူ အများစုဟာ အချိန်ကြာရင် ပျောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို တုံ့ပြန်မှု ဖြစ်လာခဲ့ရင် ဆေးထိုးထားတဲ့ နေရာကို အအေးခံပေးဖို့ သူက အကြံပြုပါတယ်။