မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Delta အမျိုးအစား Kanto ဒေသမှာ ပျံ့ပွားနေကြောင်း ဂျပန်ကျွမ်းကျင်သူတွေဆို

တိုကျိုနဲ့ အနီးပတ်ဝန်းကျင်ဧရိယာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ ကူးစက်မှုနှုန်းမြင့်မားတဲ့ Delta အမျိုးအစားကြောင့် ဖြစ်တယ်လို့ ဂျပန် သုတေသီတွေက ခန့်မှန်းခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ကျန်းမာရေးဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပေးအဖွဲ့ အစည်းအဝေးတစ်ခုမှာ ဂျပန့်ကူးစက်ရောဂါသုတေသနဌာနက သိပ္ပံပညာရှင်တွေက မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို စောင့်ကြည့်မှု ရလဒ်တွေကို အခြေခံပြီး သူတို့ အဲဒီလို ခန့်မှန်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ထားကြောင်း စစ်ဆေးအတည်ပြုခံရသူတွေဆီက နမူနာတွေကို စောင့်ကြည့်မှုအတွက် အသုံးပြုခဲ့ပါတယ်။ L452R လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှုကို အိန္ဒိယမှာ ပထမဦးဆုံး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ဇွန်လ အလယ်ပိုင်းမှာ တိုကျိုနဲ့ အနီးပတ်ဝန်းကျင်က စိုင်းတာမ၊ ချိဘနဲ့ ခါနာ့ဂါဝ ခရိုင်တွေက နမူနာတွေထဲမှာ Delta အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ စပြီး တိုးလာခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီ အမျိုးအစားဟာ အဲဒီ ဧရိယာထဲက ကူးစက်မှုအားလုံးရဲ့ ၃၄ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ခန့်မှန်းရကြောင်း သူတို့က ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင်လကုန်မှာ အဲဒီ အချိုးအစားဟာ ၇၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာဖွယ်ရှိပြီး ဩဂုတ်လမှာ ကူးစက်မှုအားလုံးနီးပါး ဒီအမျိုးအစား ဖြစ်လာမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းလိုက်ပါတယ်။