ကမ္ဘာတစ်ဝန်းလုံးနဲ့ဆိုင်တဲ့ ကုမ္ပဏီ အခွန်ကောက်ခံရေးနဲ့ ပတ်သက်ပြီး G20 ဘဏ္ဍာရေးဝန်ကြီးတွေ သဘောတူ

နိုင်ငံ ၂၀ အုပ်စု (G20) က ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌတွေဟာ နိုင်ငံအများအပြားခွဲပြီး လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအပေါ် အခွန်ကောက်ခံရေး စည်းမျဉ်းသစ်တစ်ခုနဲ့ ပတ်သက်ပြီး "သမိုင်းဝင် သဘောတူညီချက်" တစ်ရပ်ကို ရရှိခဲ့ကြပါတယ်။

G20 ဘဏ္ဍာရေး အကြီးအကဲတွေဟာ ပူးတွဲကြေညာချက်တစ်ခုကို သဘောတူလိုက်ပြီး အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ အစည်းအဝေးကို စနေနေ့မှာ အဆုံးသတ်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်မှာ နိုင်ငံစုံမှာ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအပေါ် ကောက်ခံမယ့် အနိမ့်ဆုံး အခွန်နှုန်းကို ၁၅ ရာခိုင်နှုန်းလို့ သတ်မှတ်ဖို့ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၃၂ ခု ပါဝင်တဲ့ အုပ်စုတစ်စုရဲ့ လှုပ်ရှားမှုကို အတည်ပြုမယ်လို့ ဆိုပါတယ်။ ဒါဟာ အနိမ့်ဆုံး ကုမ္ပဏီအခွန်ကို ကမ်းလှမ်းဖို့ ကမ္ဘာတစ်ဝန်း အပြိုင်အဆိုင် လုပ်ဆောင်နေတာတွေ အဆုံးသတ်စေဖို့ ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပါတယ်။
အဲဒီအုပ်စုဟာ အဓိကအားဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (OECD) အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
G20 ဘဏ္ဍာရေး အကြီးအကဲတွေဟာ နိုင်ငံတွေကို ကျော်လွှားလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အခွန်ကောက်ခံမှုအတွက် စည်းမျဉ်းသစ်တွေကို ကျင့်သုံးဖို့ အစီအစဉ်တစ်ရပ်နဲ့ပတ်သက်ပြီး ယေဘုယျကျတဲ့ သဘောတူညီချက်ကို အတည်ပြုဖို့လည်း သဘောတူခဲ့ကြပါတယ်။
အိုင်ယာလန်နဲ့ တခြားနိုင်ငံတွေက ပိုပြီး နိမ့်ကျတဲ့ ကုမ္ပဏီ အခွန်နှုန်းနဲ့ နိုင်ငံစုံ ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အခု သဘောတူညီချက်မှာ အဲဒီနိုင်ငံတွေ မပါဝင်ပါဘူး။
ပူးတွဲကြေညာချက်မှာ ဒီသဘောတူညီချက်မှာ မပါဝင်သေးတဲ့ နိုင်ငံနဲ့ နယ်မြေအားလုံး ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။