Demon Slayer ထုတ်လုပ်ရေး ကုမ္ပဏီ အခွန်တိမ်းရှောင်မှုအတွက် စွဲချက်တင်ခဲ့ရ

လူကြိုက်အရမ်းများခဲ့တဲ့ Demon Slayer အာနီမဲ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ နဲ့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကို အမေရိကန်ဒေါ်လာ ၁.၂ သန်း တန်ဖိုးလောက် အခွန်တိမ်းရှောင်မှုအတွက် တိုကျိုမြို့က စုံစမ်းစစ်ဆေးရေးအရာရှိတွေက စွဲချက်တင်ခဲ့ပါတယ်။

Ufotable ကုမ္ပဏီ နဲ့ မစ္စတာ Kondo Hikaru တို့က ၂၀၁၅ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်အတွင်း ကုမ္ပဏီရဲ့ ဝင်ငွေ ခန့်မှန်းခြေ ဒေါ်လာ ၄ သန်း လောက်ကို ဖုံးကွယ်ထားခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးရုံးနဲ့အတူ တိုကျိုမြို့က အခွန်အရာရှိတွေက ပြီးခဲ့တဲ့နှစ်က ufotable ကုမ္ပဏီကို အမှုဖွင့်ခဲ့ပြီးတဲ့နောက် အခုလို စွဲချက်တင်မှု ဖြစ်လာတာပါ။
တိုကျိုနဲ့ အိုစာကာ အပါအဝင် အခြားနေရာတွေမှာ ဖွင့်ထားတဲ့ အာနီမဲ ကဖေးတွေကရတဲ့ ဝင်ငွေနဲ့ အရောင်းစာရင်းတွေကို လျှော့ပြီး အစီရင်ခံဖို့ ကုမ္ပဏီက ငွေစာရင်းတွေကို လိမ်လည်ပြခဲ့တယ်လို့ သူတို့က စွပ်စွဲခဲ့ပါတယ်။
ကုမ္ပဏီ ဥက္ကဋ္ဌက သူ နဲ့ ကုမ္ပဏီက အခွန်တိမ်းရှောင်ပြီး စုဆောင်းထားတဲ့ ငွေတွေကို သူ့အိမ်က မီးခံသေတ္တာထဲမှာ သိမ်းထားခဲ့တယ်လို့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ဂျပန်ဘာသာစကားနဲ့ “Kimetsu no Yaiba” လို့အမည်ရတဲ့ ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားက အခုချိန်အထိ နိုင်ငံအတွင်း ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ခဲ့ပါတယ်။