အမေရိကန်နိုင်ငံက နောက်ထပ် တရုတ် ကုမ္ပဏီ ၁၄ ခု ကို ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်

အမေရိကန် အစိုးရက နောက်ထပ် တရုတ် ကုမ္ပဏီ ၁၄ ခု ကို ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်မယ့် စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုကြောင့်လို့ သမ္မတ Joe Biden ရဲ့ အစိုးရက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
အဆင့်မြင့် နည်းပညာ စောင့်ကြည့်စစ်ဆေးမှုစနစ်ကို လုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၄ ခု ကို ထပ်မံ ထည့်သွင်းခဲ့ကြောင်းကို သောကြာနေ့က အမေရိကန် စီးပွားရေးဝန်ကြီး ဌာနက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီ ကုမ္ပဏီတွေဟာ အမေရိကန် ကုမ္ပဏီတွေ နဲ့ ကုန်သွယ်ခွင့်ကို ထိရောက်စွာ တားမြစ်ခံရမှာ ဖြစ်ပါတယ်။
ဒီ ကုမ္ပဏီတွေက တရုတ်အစိုးရအတွက် Uygur နဲ့ တိုင်းရင်းသားလူနည်းစုတွေနေထိုင်ရာဒေသတွေမှာ အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတာနဲ့ အဆင့်မြင့် နည်းပညာနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန် စီးပွားရေးဝန်ကြီး ဌာနက ဆိုပါတယ်။
“Xinjiang ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတဲ့ လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး ပြင်းထန်ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန် စီးပွားရေးဝန်ကြီး ဌာန က ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဝန်ကြီး မီးစ် Gina Raimondo က ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။