အိုလံပစ်ပွဲအတွက် ပွဲကြည့်ပရိသတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပေါ် ဂျပန်ပြည်သူတွေရဲ့ တုံ့ပြန်ချက်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့အတောအတွင်း ကမ္ဘာ့ အကြီးဆုံး အားကစားပြိုင်ပွဲကြီးဖြစ်တဲ့ နွေရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို လာမယ့်သီတင်း၂ပတ်အတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။

အပြောင်းအလဲကြီးကြီးမားမားတချို့နဲ့အတူ တိုကျိုအိုလံပစ်ပွဲ အတွက် ဦးတည်တဲ့ ပြင်ဆင်လှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါပြီ။
တိုကျိုဒေသက ပွဲကျင်းပရာနေရာတွေမှာ ပွဲကြည့် ပရိတ်သတ်တွေကို ကြည့်ရှုခွင့်မပြုကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ပရိသတ်တွေနဲ့ အားကစားသမားတွေအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်ခဲ့ရပါတယ်။
တိုကျိုနဲ့ တခြားခရိုင် ၄ခုဖြစ်တဲ့ Chiba ၊ Saitama ၊ Kanagawa နဲ့ Fukushima ခရိုင်တွေမှာ ပွဲကြည့်ပရိသတ်တွေကို ကြည့်ရှုခွင့် မပြုဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ Miyagi ၊ Shizuoka နဲ့ Ibaraki ခရိုင်၃ခုမှာ ပရိသတ် အရေအတွက် ကန့်သတ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်း Hokkaido ခရိုင်မှာတော့ ပွဲကျင်းပရေးကော်မတီဟာ Sapporo Dome ဘောလုံးကွင်းမှာကျင်းပမယ့် ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို အရေအတွက် ကန့်သတ်ခွင့်ပြုသွားဖို့ အစောပိုင်းက ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်တွေကို ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိုလံပစ်ပွဲတွေကို စွဲစွဲမြဲမြဲ ကြည့်ရှုအားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ Takishima Kazunori ဟာ ပြီးခဲ့တဲ့ အိုလံပစ်ပွဲ ၇ပွဲကို ကြည့်ရှုအားပေးခဲ့ပါတယ်။ သူဟာ ဂျူဒိုနဲ့ ရေကူးအားကစားအပါအဝင် တိုကျိုအိုလံပစ်ပွဲမှာ ကျင်းပမယ့် အားကစားပွဲတွေအတွက် သူကိုယ်တိုင်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေ ကြည့်ရှုဖို့ လက်မှတ် အစောင်၁၀၀လောက်ဝယ်ထားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီပွဲတွေအကုန်လုံးကို ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပသွားမှာဖြစ်ပါတယ်။
သူက "စိတ်ပျက်တယ်ဆိုတာကို ကျော်လွန်ပြီး အလွန်ဒေါသထွက်နေပါတယ်။ အိုလံပစ်ပွဲတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုချင်သူတွေဟာ ကြိုတင်အစီအစဉ်ချပြီး သူတို့ရဲ့ အဖိုးတန်အချိန်တွေကို ဖယ်ထားခဲ့ကြရတာပါ။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ အားထုတ်မှုတွေအကုန်လုံး အလကားဖြစ်သွားပြီ" လို့ ပြောခဲ့ပါတယ်။