Atami မြေပြိုမှုဖြစ်ပွားခဲ့ပြီး သီတင်း၁ပတ်အကြာ ရှာဖွေ ကယ်ဆယ်မှုတွေကို ဆက်လက်လုပ်ဆောင်

ကယ်ဆယ်ရေးသမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က Shizuoka ခရိုင် Atami မြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပြီး ဒေသခံတွေ သေဆုံးခဲ့ရတဲ့ မြေပြိုမှုကြောင့် ထွက်ပေါ်လာတဲ့ မြေကြီးနဲ့အပျက်အစီးတွေကြား ရှာဖွေ ကယ်ဆယ်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မနက် ၁၀နာရီခွဲမှာ Atami မြို့က Izusan ရပ်ကွက်မှာ အင်အားကြီးတဲ့ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါင်း ၁၃၀လောက် တိုက်စားဖြိုချပျက်စီး ခဲ့ရပါတယ်။
အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် လူ၉ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက လတ်တလောအတည်ပြုထားပြီး အဲဒီထဲက ၇ဦးကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားပြီး ဖြစ်ပါတယ်။
တခြား ပျောက်ဆုံးသူ ၂၀ကို တော့ မတွေ့ရှိသေးပါဘူး။
ဒီသီတင်းပတ်တစ်ပတ်အတွင်း ပထမဆုံးနေသာခဲ့တဲ့ စနေနေ့အထိ ရဲဝန်ထမ်း၊ မီးသတ်ဝန်ထမ်း နဲ့ ဂျပန့် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁,၇၀၀ လောက်ဟာ ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ သဘာဝဘေးအန္တရာယ် အတွင်းတောင်စောင်းကနေ ပြိုကျလာခဲ့တဲ့ အလွန်အင်မတန် များပြားတဲ့ မြေကြီးတွေကြောင့် သူတို့ရဲ့ ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ နှောင့်နှေးနေရပါတယ်။
အကြမ်းဖျင်း လူ၅၇၀လောက်ဟာ အဲဒီမြို့က ဟိုတယ်တွေမှာ ခိုလှုံနေကြရပါတယ်။ လူအများစုဟာ နေအိမ်တွေ ဆုံးရှုံးခဲ့ရပြီး သူတို့နေထိုင်ဖို့အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဟာ လူနေအိမ် ၁၀၀ကျော်လောက် ရရှိအောင် ကြိုးပမ်းနေပါတယ်။
Atami မြို့မှာ ဘေးသင့်ဒေသခံတွေကို တနင်္လာနေ့ နဲ့ အင်္ဂါနေ့တွေမှာ အိမ်ပြန်ပြီး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ယူခွင့်ပြုဖို့ စီစဉ်နေပါတယ်။