ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးအပြင်းအထန် ရွာသွန်း

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးအပြင်းအထန် ရွာသွန်းနေပါတယ်။

မိုးလေဝသအရာရှိတွေဟာ စနေနေ့ အစောပိုင်းက Kagoshima Miyazaki နဲ့ Kumamoto ခရိုင်တွေအတွက် အရေးပေါ်အခြေအနေကြေညာချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ အဲဒီခရိုင်၃ခုလုံးမှာ သတိပေးတဲ့ အဆင့်အထိ လျှော့ချပြောင်းလဲခဲ့ပါတယ်။
ဒါပေမဲ့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဆက်လက် ရှိနေ နိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ဆက်ပြီး သတိထား နေထိုင်သင့်ကြောင်း သူတို့က ပြောပါတယ်။
Kagoshima မှာ နေထိုင်သူတွေဟာ မိုးအပြင်းအထန် ရွာသွန်းမှုကြောင့် လမ်းတွေမှာ ရေလွှမ်းနေတာကို ကြုံတွေ့ခဲ့ကြရပါတယ်။
ဒီရုတ်တရက် မိုးကြီးမှုဟာ ဂျပန်မှာ ဒီလိုအချိန် မိုးရာသီမှာ ရွာသွန်းတဲ့ ပုံမှန် စံချိန်ထက် အထူးပိုများခဲ့ပါတယ်။
တချို့ဒေသတွေမှာ တစ်ရက်အတွင်း မိုးရွာသွန်းမှုဟာ ဇူလိုင်လတစ်လလုံးမှာ ရွာသွန်းတဲ့ မိုးရေချိန်ထက် ပိုများခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ဒီဒေသတစ်ဝန်းမှာ မြေပြိုမှုအတွက် သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။
အဲဒီခရိုင်၃ခုက ဒေသအတော်များများမှာ နေထိုင် နေကြသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရေး အစီအမံတွေ ထားရှိထားတဲ့ တိမ်းရှောင်ရေးစခန်းတွေအပါအဝင် ပိုပြီးလုံခြုံစိတ်ချရတဲ့နေရာတွေဆီ ပြောင်းရွှေ့ကြဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
တိမ်းရှောင်ရေးစခန်းတစ်ခုကို တနင်္ဂနွေနေ့မှာ အာဂျင်တီးနား ဘောလီဘော အသင်းက အိုလံပစ်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်အတိုင်း ဆက်လုပ်နိုင်မလားဆိုတာကတော့ မရေမရာ ဖြစ်နေပါတယ်။
ရုတ်တရက် မိုးကြီးမှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင် ရေးစနစ်တွေ ထိခိုက်ခဲ့ရပြီး Kumamoto နဲ့ Kagoshima-Chuo ဘူတာအကြားပြေးဆွဲတဲ့ ရှင်းကန်ဆန် ကျည်ဆန်ရထားပြေးဆွဲမှုတွေကို တစ်ရက် ရပ်နားခဲ့ရပါတယ်။ အဝေးပြေးလမ်းတချို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
Kyushu ဒေသမှာ နောက်ထပ်နာရီအနည်းငယ်အတွင်း မိုးအပြင်းအထန်ရွာသွန်းမှုတွေနဲ့ လျှပ်စီးလက်မှုတွေ ပိုမို ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အရာရှိတွေက ပြည်သူတွေကို သတိနဲ့နေကြဖို့ တိုက်တွန်း နေပါတယ်။ မိုးအပြင်းအထန်ရွာပြီးသွားရင်တောင် ရေကြီးမှု နဲ့ မြေပြိုမှုအန္တရာယ်တွေ ဆက်ရှိနေနိုင်သေးတယ်လို့ သူတို့က ပြောပါတယ်။