ဓာတ်ငွေ့ထုတ်လွှတ်မှု သန့်စင်ရေး နည်းပညာကို ကန့်သတ်ဖို့ အဖွဲ့ဖွဲ့စည်းခဲ့တဲ့အတွက် ဂျာမဏီ ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကို EU ဒဏ်ငွေရိုက်

ဥရောပသမဂ္ဂ (EU) က ဂျာမဏီ ကားထုတ်လုပ်ရေး ကုမ္ပဏီ Volkswagen နဲ့ BMW ကို ဓာတ်ငွေ့ထုတ်လွှတ်မှု သန့်စင်ရေး နည်းပညာ အသုံးပြုမှု လျှော့ချခဲ့တာနဲ့ အဲဒီနည်းပညာ တီထွင်ဖို့ ယှဉ်ပြိုင်မှုနဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဒဏ်ငွေရိုက်ခဲ့ပါတယ်။

အဲဒီ ကုမ္ပဏီတွေကို စုစုပေါင်း ယူရိုငွေ ၈၇၅ သန်းလောက် ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ဒဏ်ငွေရိုက်ခဲ့တယ်လို့ ဥရောပကော်မရှင်က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
ဥရောပကော်မရှင်ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ Margrethe Vestager က “အဲဒီ ကားထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ EU ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု စံညွှန်းတွေက သတ်မှတ်ထားတာထက် သဘာဝပတ်ဝန်းကျင် ပိုမို သန့်ရှင်းအောင် ယှဉ်ပြိုင်လုပ်ဆောင်ဖို့ကို ၅ နှစ်ကျော်ကြာ တမင် ရှောင်နေခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။
BMW ၊ Volkswagen နဲ့ Volkswagen ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေ ဖြစ်တဲ့ Audi နဲ့ Porsche တို့ဟာ နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုတွေမှာ ယှဉ်ပြိုင်မှုတွေကို ကန့်သတ်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ပုံမှန် တွေ့ဆုံခဲ့ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု သန့်စင်ရေး နည်းပညာ တီထွင်မှုကို ကန့်သတ်ဖို့အတွက် ကြံစည်ခဲ့တယ်လို့ ဥရောပကော်မရှင်က ဆိုပါတယ်။
Daimler ကုမ္ပဏီဟာလည်း အဲဒီ အဖွဲ့မှာ ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီလို အဖွဲ့တစ်ဖွဲ့ ရှိနေတယ်ဆိုတာကို ဥရောပကော်မရှင်ဆီ ပြောပြခဲ့တဲ့အတွက် ဒဏ်ငွေရိုက်ခံရတာမျိုး မရှိခဲ့ပါဘူး။