ဟောင်ကောင်ဒေသန္တရအမတ် အမြောက်အမြား နုတ်ထွက်လျက်ရှိ

ဒါဇင်နဲ့ချီတဲ့ ဟောင်ကောင်က ဒီမိုကရေစီရေးလိုလားတဲ့ ဒေသန္တရကောင်စီဝင်အမတ်တွေဟာ ဟောင်ကောင်အစိုးရကို သစ္စာစောင့်သိပါမယ်ဆိုတဲ့ ကျမ်းကျိန်တာမျိုးမလုပ်ခင်မှာ နုတ်ထွက်နေကြပါတယ်။

တရုတ်အစိုးရခေါင်းဆောင်တွေ‌က ဟောင်ကောင်ကို မျိုးချစ်တွေက အုပ်ချုပ်ဖို့လိုအပ်တယ်လို့ဆိုပြီး ဟောင်ကောင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာစနစ်ကို အခုနှစ်စောစောပိုင်းက ပြင်ဆင်ခဲ့ပါတယ်။
အဲဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဟောင်ကောင်ဟာ ကိုယ်ပိုင်ကျင့်သုံးနေခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်ပြီး ဒေသန္တရကောင်စီဝင်အမတ်တွေဟာ ဟောင်ကောင်အစိုးရကို သစ္စာစောင့်သိပါမယ်လို့ ကတိပြုဖို့လိုအပ်တယ်ဆိုတာကို စတင်ကျင့်သုံးခဲ့ပါတယ်။ အဲဒီလို ကျမ်းကျိန်တာကိုဖောက်ဖျက် ကျူးလွန်သူမှန်သမျှဟာ အမတ်အဖြစ်ကနေ ဖယ်ရှားခံရမှာဖြစ်ပြီး ရာဇဝတ်ကြောင်းအရ အပြစ်ပေးခံရမှာလည်း ဖြစ်ပါတယ်။
အခုလ‌နှောင်းပိုင်းမှာ အဲဒီအမတ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်တယ်လို့ ဟောင်ကောင်မီဒီယာတွေမှာ အစီရင်ခံဖော်ပြပါတယ်။ ဟောင်ကောင်အစိုးရကိုဆန့်ကျင်တဲ့ ဒီမိုကရေစီရေး ထောက်ခံအားပေးသူကောင်စီဝင်အမတ် ၂၃၀ လောက်ဟာ အမတ်နေရာကနေဖယ်ရှားခံကြရမှာဖြစ်ပြီး သူတို့ရဲ့လစာတွေ ပြန်ပေးရမှာဖြစ်တယ်လို့လည်း သတင်းအစီရင်ခံထားပါတယ်။
ကောင်စီဝင်အမတ်အနည်းဆုံး ၆၀ လောက်ဟာ ကျမ်းသစ္စာမကျိန်ဆိုမီ နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တွေမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ လည်း သတင်းဖော်ပြထားပါတယ်။ အမတ်အဖြစ်ကနေ နုတ်ထွက်ထားပြီးသူတွေအပါအဝင် ကောင်စီဝင် ၁၀၀ ကျော်ဟာ နောက်ဆုံးမှာတော့ အမတ်အဖြစ်ကနေ နုတ်ထွက်ကြလိမ့်မယ်လို့ သတင်းတွေကဆိုပါတယ်။