တယ်လီနော က မြန်မာရှိလုပ်ငန်းများကို ရောင်းထုတ်ပြီ

နော်ဝေးနိုင်ငံက တယ်လီဖုန်းကုမ္ပဏီဖြစ်တဲ့ Telenor ဟာ မြန်မာနိုင်ငံ မှာလုပ်ကိုင်နေတဲ့ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်း နယ်ပယ်ကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

စစ်တပ်အုပ်ချုပ်နေတဲ့အောက်မှာ သူ့ရဲ့လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲတွေမြင့်တက်လာနေတာကို တယ်လီနောက ထောက်ပြပါတယ်။
တယ်လီနောဟာ မြန်မာနိုင်ငံက သူ့ရဲ့လုပ်ငန်းအားလုံးကို လက်ဘနွန်နိုင်ငံက ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုဖြစ်တဲ့ M1 Group ထံ ဒေါ်လာ ၁၀၅ သန်း နဲ့ ရောင်းချဖို့ လုပ်ဆောင်နေ ပါတယ်။ တယ်လီနောဟာ ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းရှိ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းလုပ်ကိုင်သူတွေထဲ ဒုတိယမြောက်အကြီးဆုံးကုမ္ပဏီဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့မတ်လအထိ အသုံးပြုသူပေါင်း ၁၈ သန်းလောက် ရှိပါတယ်။
အခုလိုဆုံးဖြတ်လိုက်ရတာဟာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရတာရော စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုက်နာဆောင်ရွက်ရမယ့်ကိစ္စတွေကြောင့်ပါ ဖြစ်တယ်လို့ တယ်လီနော ကဆိုပါတယ်။
ရိုက်တာသတင်းဌာနက သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး သုံးစွဲသူတွေကို စောင့်ကြည့်တဲ့နည်းပညာအသုံးပြုဖို့ တယ်လီဖုန်းကုမ္ပဏီတွေကို မြန်မာအာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ သတင်းအစီရင်ခံထုတ်ပြန်ခဲ့ပါတယ်။ အဲဒါအပြင် အဲဒီလိုကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေအနေနဲ့ ခွင့်ပြုချက်မရဘဲ နိုင်ငံခြားကို ထွက်ခွာလို့မရဘူးဆိုပြီး တားမြစ်ထားတယ်လို့ သိရတဲ့အကြောင်း ဖော်ပြထား ပါသေးတယ်။