မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၅)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီလို မိုးကြီးမှုတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးပါမယ်။

မနေ့ကနဲ့ တစ်ဆက်တည်း ဒီနေ့မှာလည်း မော်တော်ကားနဲ့ တိမ်းရှောင်မှုတွေ လုပ်တဲ့အခါ ဘာတွေကို သတိထားသင့် သလဲဆိုတာနဲ့ ပတ်သက်လို့ အဓိကထားပြီး ပြောပါမယ်။ ဒါပေမဲ့ တိမ်းရှောင်ဖို့ တခြားနည်းလမ်းတစ်ခုခု ရွေးချယ်နိုင်တဲ့အခါ မော်တော်ကားတွေအသုံးပြုတာကို ရှောင်ရှားဖို့ အကြံပေး ချင်ပါတယ်။
ကားနဲ့ တိမ်းရှောင်တဲ့အခါမှာ ကိုယ့်ရဲ့ကားက ရေထဲမှာ နစ်မြုပ်သွားနိုင်ပါတယ်။ ကားက ၃၀ စင်တီမီတာအနက်ရှိတဲ့ ရေထဲမှာ မောင်းရင်းနဲ့ စက်သေသွားနိုင်တာကို သတိထားပါ။ ၅၀ စင်တီမီတာနဲ့ အထက်ရှိတဲ့ ရေအနက်မှာ ကားက ရေမြုပ်ပြီး မြောပါသွားနိုင်တာကို သတိထားပါ။
လူစီးကားတွေဆိုရင် ရေကြီးလာတဲ့အခါ ကားတံခါးအောက်ခြေ ဒါမှမဟုတ် ကားရဲ့ ကြမ်းပြင်ကို ရေ မကျော်သင့်ပါဘူး။
ဒါပေမဲ့ ရေ အရမ်းမနက်တဲ့အချိန်မှာတောင်မှ သတိထားကြပါ။ မြစ်ရေလျှံရာကနေ ရေတွေ ကြီးလာတဲ့အချိန်မှာလို ရေစီးသန်နေရင် ကားက အလွယ်တကူနဲ့ မြောပါသွား နိုင်ပါတယ်။
ကားက ရေထဲမှာ နစ်မြုပ်သွားပြီဆိုရင် ရေရဲ့ ဖိအားကြောင့် ကားတံခါးတွေကို ဖွင့်ဖို့ ခက်ခဲလာပါတယ်။ တံခါးကြီးလေ ရေရဲ့ ဖိအားက ပိုပြီး များလေ ဖြစ်တဲ့အတွက် တံခါးကြီးကြီး ဒါမှမဟုတ် လျှောတံခါးတွေတပ်ထားတဲ့ ကားတွေကနေ လွတ်မြောက်ဖို့ ပိုပြီး ခက်ခဲပါလိမ့်မယ်။
အဲဒါကြောင့် ကိုယ့်ရဲ့ ကားထဲမှာ ကားပြတင်းပေါက်တွေကို ခွဲဖို့ အထူးကိရိယာတစ်ခုကို ဆောင်ထားရင် ကောင်းပါမယ်။ အဲဒီလို ကိရိယာ မရှိတဲ့အချိန်မှာ ကားထိုင်ခုံရဲ့ အမှီကို ညှိတဲ့ သတ္တုခေျာင်းကို အသုံးပြုနိုင်ပါတယ်။ ပြတင်းပေါက် အောက်ခြေနား ကားတံခါးနဲ့ ပြတင်းပေါက်ကြား ဟ နေတဲ့နေရာကို အဲဒီသတ္တုချောင်းကို ထိုးသွင်းလိုက်ပါ။ ပြတင်းပေါက်ကို ခွဲဖို့ ထိုင်ခုံအမှီကို ကိုယ့်ဘက်ကို ဆွဲလိုက်ပါ။
အဆိုးဆုံး အနေအထားဖြစ်တဲ့ ကားထဲ ရေဝင်လာပြီး ကိုယ်တိုင် ရေထဲမှာ မြုပ်နေတဲ့ အနေအထားမျိုးမှာ ဆိုရင် ကားထဲကို ရေတွေ လုံလုံလောက်လောက် ဝင်လာရင် ကား အတွင်းနဲ့ အပြင်က ဖိအားက အတူတူ ဖြစ်လာတဲ့အတွက် ကားတံခါး ဖွင့်နိုင်လိမ့်မယ်ဆိုတာကို သတိရပါ။
အခုတင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို NHK World JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် မီဒီယာစာမျက်နှာလည်း ဖတ်ရှုနိုင်ပါတယ်။