ဂျပန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးကြီးနိုင်ဟု ခန့်မှန်း

မိုးအများအပြားရွာသွန်းစေတဲ့ လေဖိအားလမ်းကြောင်းဟာ ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းကို ရွေ့လျားလာပြီး မိုးသည်းထန်နိုင်တယ်လို့ မိုးလေဝသ အရာရှိတွေက ဆိုပြီး မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေအတွက် သတိထားကြဖို့ အဲဒီအရာရှိတွေက တိုက်တွန်းထားပါတယ်။

ပူနွေးစိုစွတ်တဲ့ လေထုဟာ ကျူးရှူးနဲ့ တိုးကိုင်း ဒေသမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းစေတယ်လို့ မိုးလေဝသ အေဂျင်စီက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
မွန်းလွဲ ၃ နာရီအချိန်အထိ ၁ နာရီအတွင်း ဂီဖု ခရိုင်၊ မီဇုနာ့မိ မြို့မှာ မိုးရေချိန် ၄၁ မီလီမီတာနဲ့ ခါဂိုရှီးမားခရိုင်၊ စာ့ဆုမာ့ မြို့မှာ ၃၃ မီလီမီတာ ရှိခဲ့တယ်လို့ အဲဒီအေဂျင်စီက ဆိုပါတယ်။
ဟီရိုရှီးမားနဲ့ တိုးတိုရိ ခရိုင်တွေမှာ တချို့ဧရိယာတွေကို မြေပြိုမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
စနေ့နေ့အထိ ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ အဲဒီအေဂျင်စီက ခန့်မှန်းထားပါတယ်။
စနေနေ့ မွန်းတည့်ချိန်အထိ မိုးရွာသွန်းတဲ့ ပမာဏဟာ ၂၄ နာရီအတွင်း ကျူးရှူးကျွန်း မြောက်ပိုင်းမှာ ၂၀၀ မီလီမီတာ၊ ယာမာ့ဂုချိ ခရိုင်နဲ့ ချူးဂိုးခု ဒေသမှာ ၁၂၀ မီလီမီတာ၊ ခန်းဆိုင်းနဲ့ ဟိုကုလိကု ဒေသမှာ ၁၀၀ မီလီမီတာ၊ တိုးဟိုးကု ဒေသမှာ ၈၀ မီလီမီတာနဲ့ တိုးကိုင်းဒေသမှာ ၇၀ မီလီမီတာအထိ ရောက်နိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။