ဂျပန်အစိုးရက တိုကျိုမှာ စတုတ္ထအကြိမ်မြောက် အရေးပေါ် အခြေအနေ ကြေညာ

ဂျပန်အစိုးရဟာ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက် ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ အခုအချိန်အထိ ၄ ကြိမ်မြောက် ကြေညာချက် ဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ ဇူလိုင်လ ၁၂ ရက် လာမယ့် တနင်္လာနေ့ကစပြီး သြဂုတ်လ ၂၂ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Suga Yoshihide က ကြေညာခဲ့ပါတယ်။ ဒါဟာ တိုကျိုအိုလံပစ်အားကစား ပွဲပြီးဆုံးတဲ့ ကာလအထိ အကျုံးဝင်ပါတယ်။

ကာကွယ်ဆေးတွေ ထိုးနေတာကြောင့် ဆေးရုံ ခုတင်တွေ သုံးစွဲမှုနှုန်းနဲ့ ရောဂါပြင်းထန်တဲ့ လူနာအရေအတွက် နည်းနေဆဲ ဖြစ်တယ်လို့ မစ္စတာ Suga က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေနဲ့အတူ တိုကျိုမှာ ကူးစက်မှုတွေ ပိုများလာနေတယ်လို့ သူက ပြောပါတယ်။
" တိုကျိုမှာ ကူးစက်မှုတွေ နောက်ထပ် မပြန့်ပွားအောင် ရှောင်ရှားဖို့ လုပ်ကြရပါမယ်။ ဒါကို စိတ်ထဲမှာထားပြီး လက်ဦးမှု ရယူတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ဖို့နဲ့ တိုကျိုမှာ နောက်တစ်ကြိမ် အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ်လိုက်တာ" ဖြစ်တယ်လို့ မစ္စတာ Suga က ပြောပါတယ်။
တိုကျိုအားကစားပွဲတွေ စတင်ဖို့ သီတင်း ၂ ပတ်ပဲ လိုတော့ချိန်မှာ မစ္စတာ Suga က လုံခြုံရေးကို ပထမ ဦးစားပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
"ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကြားမှာ အားကစားပွဲတွေ ဘေးကင်းလုံခြုံစွာနဲ့ ကျင်းပနိုင်ရေးဟာ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို အတူကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ တစ်ကမ္ဘာလုံး စည်းလုံးကြောင်းပြသဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်းဖြစ်တယ်"လို့ မစ္စတာ Suga က ပြောကြားခဲ့ပါတယ်။