တိုကျိုအိုလံပစ် ပွဲကြည့်ပရိသတ် တားမြစ်ချက်ကို တုံ့ပြန်မှု အမျိုးမျိုးရှိ

တိုကျိုဧရိယာက အားကစားပွဲတွေ ကျင်းပတဲ့ နေရာမှာ ကမ္ဘာ့ထိပ်တန်းအားကစားသမားတွေကို ပရိသတ်တွေက အားပေးလို့ ရမှာ မဟုတ်ဘူးလို့ အိုလံပစ်ကျင်းပရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ အားကစားပွဲတွေ စတင်ဖွင့်လှစ်ဖို့ သီတင်း ၂ ပတ်သာ လိုပါတော့တယ်။ ပွဲကြည့်ပရိသတ်တွေကို တားမြစ်တဲ့ သတင်းကို တုံ့ပြန်မှုက ပြည်တွင်းရော ပြည်ပမှာပါ အမျိုးမျိုး ရှိနေပါတယ်။

ပွဲကျင်းပရေးတာဝန်ခံတွေ အဲဒီဆုံးဖြတ်ချက်မချခင်မှာပဲ ဂျပန်အစိုးရက တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ အသစ် ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ဟာ တနင်္လာနေ့မှာ စတင် အသက်ဝင်မှာဖြစ်ပြီး အားကစားပွဲ တစ်လျှောက် အကျုံးဝင်မှာ ဖြစ်ပါတယ်။
ပွဲကျင်းပရေးတာဝန်ခံတွေက တိုကျိုနဲ့ အနီးခရိုင်တွေဖြစ်တဲ့ ချိဘ၊ စိုက်တာ့မ နဲ့ ခါနာဂါဝါတွေမှာ ပြုလုပ်တဲ့ အားကစားပွဲတွေမှာ ပရိသတ်တွေကို ဝင်ရောက် ကြည့်ရှုခွင့် မပြုဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဖူကူရှီးမ အပါအဝင် ခရိုင် ၄ ခုမှာတော့ ပွဲကြည့်ပရိသတ် အရေအတွက်ကို ကန့်သတ် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ကပ်ရောဂါဖြစ်နေတဲ့ကြားမှာပဲ ဘာကြောင့် အားကစားပွဲ တွေကို ကျင်းပသင့်တာလဲလို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko ကို သတင်းထောက်တွေက ကြာသပတေးနေ့က မေးမြန်းခဲ့ပါတယ်။
မီးစ် Koike က ပြန်လည်ဖြေကြားရာမှာ " ကပ်ရောဂါဖြစ်ပွား နေတဲ့ တောက်လျှောက်မှာ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ အမြင်တွေဟာ အမျိုးမျိုး ကွဲပြားပါတယ်။ အိုလံပစ်ပြိုင်ပွဲတွေဟာ လူတွေကို တွန်းအားဖြစ်စေဖို့ အားကစားရဲ့ စွမ်းအားနဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။
ဂျပန်အားကစားသမားတော်တော်များများက ပရိသတ်အများကြီးရှိတဲ့ အားကစားခန်းမမှာ စိတ်လှုပ်ရှား အောင် ဆွဲဆောင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပရိသတ်တွေဟာ အိမ်တွေကနေ သူတို့ကို အားပေးနေမယ်ဆိုတာ သိပါတယ်လို့ ပြောပါတယ်။
ကြက်တောင်ရိုက် အားကစားသမား Momota Kento က " ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ မှတ်ချက်ပေးနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ယုံကြည်လို့အပ်နှံထားတဲ့ တာဝန်တွေကို ကျေပွန်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်" လို့ ပြောပါတယ်။
ဒီအတောအတွင်း အိုလံပစ် မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်မှုကို တိုကျိုမှာ စတင်နေပါပြီ။ ဒါပေမဲ့ အိုလံပစ် မီးတောက်ကိုတော့ လမ်းကြောင်းအများစုကို သယ်သွားနိုင်မှာ မဟုတ်ပါဘူး။ မီးရှူးတိုင် လက်ဆင့်ကမ်းပွဲမှာ ပါဝင်ကြမယ့် အပြေးသမားတွေဟာ ပွဲကြည့်ပရိသတ် မရှိဘဲ မီးတောက်ကို ထွန်းညှိကြရမှာ ဖြစ်ပါတယ်။