AirAsia ကုမ္ပဏီ ထိုင်းနိုင်ငံမှာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်မယ်

မလေးရှားနိုင်ငံက ဘတ်ဂျက်လေကြောင်းလိုင်း AirAsia ကုမ္ပဏီအုပ်စုက သူ့ရဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ထိုင်းနိုင်ငံမှာ အစားအစာပို့ပေးမှုနဲ့ မော်တော်ယာဉ် အငှားဝန်ဆောင်မှု နယ်ပယ်ထဲကို ဝင်ရောက်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် ပင်မလုပ်ငန်း ကြီးကြီးမားမား ထိခိုက်ခဲ့ရတဲ့ ကုမ္ပဏီ နာလန်ထူလာဖို့ လုပ်ငန်းနယ်ပယ် အမျိုးမျိုးမှာ ဝင်ရောက်လုပ်ကိုင်ရေးဟာ သော့ချက်တစ်ခုဖြစ်တယ်လို့ ဒီကုမ္ပဏီအုပ်စုက ရှုမြင်ထားပါတယ်။
အင်ဒိုနီးရှား အွန်လိုင်းဝန်ဆောင်မှု Gojek က ထိုင်းနိုင်ငံမှာလုပ်ဆောင်နေတဲ့ လုပ်ငန်းကို ဝယ်ယူလိုက်တယ်လို့ AirAsia ကုမ္ပဏီက ဆိုပါတယ်။ အရောင်းအဝယ်ကို ကုမ္ပဏီစတော့ရှယ်ယာလဲလှယ်တဲ့ ပုံစံနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
AirAsia ဟာ Gojek ရဲ့ ဝန်ဆောင်မှုတွေကို လွှဲပြောင်းရယူပြီး သြဂုတ်လမှာ ကိုယ်ပိုင် အက်ပလီကေးရှင်းကနေ ရောင်းချမှုတွေ စတင်မှာ ဖြစ်ပါတယ်။ AirAsia ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံလောက် အရှုံးပေါ်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ AirAsia ရဲ့ ဂျပန်ဌာနခွဲဟာ ခရီးစဉ် ပျံသန်းမှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။
အခုတစ်ကြိမ် ဝယ်ယူမှုကြောင့် နေ့စဉ်လူနေမှုဆိုင်ရာ ဝန်ဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးနေတာကြောင့် စူပါ အပလီကေးရှင်းလို့ ခေါ်နေကြတဲ့ လုပ်ငန်းနယ်ပယ်မှာ ဒေသတွင်းက တခြား နာမည်ကြီး လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ AirAsia က မျှော်လင့်နေပါတယ်။