စူးအက်တူးမြောင်းမှာ ပိတ်ဆို့မှုဖြစ်စေခဲ့တဲ့ ကွန်တိန်နာသင်္ဘော ထွက်ခွာခွင့်ရ

စူးအက်တူးမြောင်းမှာ ပိတ်ဆို့မှု ဖြစ်စေခဲ့တဲ့ ဂျပန်ပိုင်သင်္ဘောတစ်စင်းဟာ လျော်ကြေးငွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာကြောင့် သုံးလကျော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် အခုအခါ ပြန်လည်ထွက်ခွာခွင့် ရသွားပြီ ဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီ Shoei Kisen Kaisha က ပိုင်တဲ့ Ever Given သင်္ဘော ပိတ်ဆို့နေခဲ့တာကြောင့် မတ်လတုန်းက အဲဒီတူးမြောင်းအတွင်း ဖြတ်သန်းသွားလာမှုတွေ သီတင်းတစ်ပတ်နီးပါးလောက် ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီလို ပိတ်ဆို့မှုကြောင့် နိုင်ငံတကာ ကုန်သွယ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
Shoei Kisen ကုမ္ပဏီနဲ့ စူးအက်တူးမြောင်း အာဏာပိုင်တွေ လျော်ကြေးကိစ္စမှာ သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီးနောက် နှစ်ဖက် ကိုယ်စားလှယ်တွေဟာ ဗုဒ္ဓဟူးနေ့က စူးအက်တူးမြောင်းရဲ့ Ismailia မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Shoei Kisen ကုမ္ပဏီရဲ့ဥက္ကဋ္ဌ Higaki Yukito က ပိတ်ဆို့မှုကို ရှင်းလင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း အဲဒီ လက်မှတ်ရေးထိုးပွဲမှာ ဗီဒီယိုသတင်းစကားပါးခဲ့ပါတယ်။
စူးအက်တူးမြောင်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Osama Rabie က "ဒီကိစ္စအတွက် ကျွန်တော်တို့ သဘောတူညီချက်တစ်ရပ် ရလိုက်နိုင်ပြီဆိုတာကို ကမ္ဘာကို ကြေညာလိုက်ပါတယ်" လို့ ဆိုပြီး ဒီသဘောတူညီချက်ကို ချောချောမွေ့မွေ့ ရရှိခဲ့ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
လက်မှတ်ရေးထိုးပွဲပြီးတဲ့နောက် တူးမြောင်းအတွင်းက ရေကန်မှာ သုံးလကျော်ကြာ ကျောက်ချရပ်နားခဲ့တဲ့ အဲဒီ ကွန်တိန်နာတင်သင်္ဘောဟာ စူးအက်တူးမြောင်းကို ဖြတ်သန်းပြီး ဥရောပကို ဦးတည်ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း သဘောတူညီချက် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မပြုဖို့ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။