Delta အမျိုးအစား မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကို နိုင်ငံပေါင်း ၁၀၀ကျော်မှာ တွေ့ရှိထားကြောင်း WHO ပြော

အိန္ဒိယနိုင်ငံမှာ ပထမဆုံး အတည်ပြုခဲ့တဲ့ Delta အမျိုးအစား မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုတွေကို နိုင်ငံနဲ့ဒေသပေါင်း ၁၀၀ ကျော်မှာ တွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။

WHO ရဲ့ လတ်တလောထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အင်္ဂါနေ့အထိ နိုင်ငံနဲ့ ဒေသပေါင်း ၁၀၄ ခုမှာ Delta အမျိုးအစား မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုတွေ အတည်ပြုထားတယ်လို့ဆိုပြီး ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်ကထက် ၇ နေရာ တိုးလာတာဖြစ်ပါတယ်။
WHO ဟာ ဒီနှစ်ဧပြီလကစပြီး မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ထုတ်ပြန်လာခဲ့ပါတယ်။
ဧပြီလ၂၇ရက်နေ့အထိ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် အနည်းဆုံး ၁၇ နိုင်ငံမှာ အဲဒီမျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် မေလနှောင်းပိုင်းမှာတော့ နိုင်ငံနဲ့ ဒေသပေါင်း ၆၀ နဲ့ ဇွန်လနှောင်းပိုင်းမှာ နိုင်ငံနဲ့ ဒေသပေါင်း ၉၆နေရာမှာ အဲဒီ အမျိုးအစား ကူးစက်မှုတွေခဲ့ရပါတယ်။
တခြားမျိုးဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်တဲ့ ဗြိတိန်မှာ ပထမဆုံး အတည်ပြုခဲ့တဲ့ Alpha အမျိုးအစားနဲ့ပတ်သက်လို့ အင်္ဂါနေ့အထိ နိုင်ငံနဲ့ဒေသပေါင်း ၁၇၃နေရာမှာ တွေ့ရှိခဲ့တယ် လိုဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကထက် ၁နေရာ တိုးလာခဲ့ပါတယ်။
တောင်အာဖရိကမှာ ပထမဆုံး အတည်ပြုခဲ့တဲ့ Beta အမျိုးအစားက ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၃နေရာတိုးပြီး နိုင်ငံနဲ့ဒေသပေါင်း ၁၂၂ခုမှာ တွေ့ရှိရပြီး ဘရာဇီးမှာ ပထမဆုံး အတည်ပြုခဲ့တဲ့ Gamma အမျိုးအစားကတော့ ၂နေရာတိုးလာပြီး နိုင်ငံနဲ့ဒေသပေါင်း ၇၄နေရာမှာ တွေ့ရှိရပါတယ်။
ကူးစက်မှုအသစ်တွေ ကမ္ဘာတစ်ဝန်းမှာ သီတင်းပတ် နှစ်ပတ်ဆက်တိုက် တိုးလာနေတယ်လို့ အဲဒီအစီရင်ခံစာမှာ မှတ်ချက်ပြုထားပြီး မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေကို အဆက်မပြတ်စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။