တောင်ကိုရီးယားမှာ တစ်နေ့တာ COVID ကူးစက်မှုအရေအတွက် စံချိန်သစ်တင်

တောင်ကိုရီးယားမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ တစ်ဟုန်ထိုးဆက်လက် ကူးစက်ပြန့်ပွားနေတာကြောင့် တစ်နေ့တာ ကူးစက်မှုအရေအတွက်ကို စံချိန်သစ် တင်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကူးစက်ခံရသူအသစ် ၁,၂၇၅ဦး ရှိကြောင်း တောင်ကိုရီးယား အစိုးရက အတည်ပြုခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်နေ့တာ ကူးစက်ခံရသူ အသစ်အရေအတွက် အများဆုံး စံချိန်တင်ခဲ့တာ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ၁,၂၄၀ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ တစ်နေ့တာ ကူးစက်ခံရသူအသစ်အရေအတွက် ၄၀၀ အောက် လျော့နည်းခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ ပထမဆုံး အတည်ပြုခဲ့တဲ့ Delta အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က တောင်ကိုရီးယားမှာ ဇွန်လ နှောင်းပိုင်းကစပြီး ကူးစက်မှုတွေတစ်ဟုန်ထိုး မြင့်တက်လာစေခဲ့တယ်လို့ အစိုးရကပြော ပါတယ်။
ကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို ရှာဖွေဖော်ထုတ်ရာမှာ ကူညီပေးဖို့ ရဲအရာရှိတွေနဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို အမြန်ဆုံး တာဝန်ချထားဖို့ သမ္မတ Moon Jae-in က ညွှန်ကြားခဲ့ပါတယ်။
ကူးစက်မှုအများစု တွေ့နေရတဲ့ မြိုတော် Seoul မှာ ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက် အရက်သောက်တာကို တားမြစ်ထားပါတယ်။ ပြည်သူတွေကို အိမ်စောစောပြန်ကြစေဖို့ တွန်းအားပေးတဲ့အနေနဲ့ ကြာသပတေးနေ့ကစပြီး အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ညဘက်မှာ ၂၀ရာခိုင်နှုန်းအထိ လျှော့ချသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေဟာ ဒီလထဲမှာ စားသောက်ဆိုင်တွေရဲ့ လုပ်ငန်းလည်ပတ်ချိန်အပေါ် ကန့်သတ်မှုတွေကို ဖြေလျှော့ဖို့ စီစဉ်ထားခဲ့ပေမယ့် မြို့တော် ဆိုးလ် နဲ့ အနီးပတ်ဝန်းကျင်ဒေသမှာ ကန့်သတ်ထိန်းချုပ်မှုတွေကို ဆက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခြေအနေတွေ တိုးတက်မှုမရှိရင် ပိုမိုတင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်လာနိုင်ဖွယ်ရှိတယ်လို့ အရာရှိတွေက သတိပေးခဲ့ပါတယ်။