မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၄)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီလို မိုးကြီးမှုတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်မယ့် အစီအစဉ် အပိုင်း (၄) ဖြစ်ပါတယ်။.

မနေ့ကနဲ့ တစ်ဆက်တည်း ဒီနေ့မှာလည်း မော်တော်ကားနဲ့ တိမ်းရှောင်မှုတွေ လုပ်တဲ့အခါ ဘာတွေကို သတိထားသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အဓိကထားပြီး တင်ဆက်ပါမယ်။
ရေလွှမ်းနေတဲ့ လမ်းတွေမှာ ကားမောင်းတာဟာ အန္တရာယ်များပါတယ်။
လွှမ်းမိုးလာတဲ့ ရေတွေဟာ စုပြုံနေလေ့ရှိပြီး တိမ်သယောင် ထင်ရတဲ့တိုင်အောင် အတော်နက်နေတတ်ပါတယ်။
လွှမ်းလာတဲ့ရေတွေကြောင့် ကားတွေ ရေထဲမှာစီးမြောသွားတာ၊ နစ်မြုပ်တာ၊ ရေတွေဝိုင်းပြီး ပိတ်မိတာတွေ ဖြစ်နိုင်ပါတယ်။
ရေလွှမ်းတဲ့အခါလမ်းတွေရဲ့ ပြိုကျပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ၊ လမ်းဘေးမြောင်း ဒါမှမဟုတ် ဆည်ရေတူးမြောင်းတွေက ရေအောက်မှာ မြုပ်နေတာကြောင့် မြင်နိုင်ဖို့ ခက်ခဲတဲ့အတွက် ရေလွှမ်းနေတဲ့ လမ်းမှာ ကားနဲ့ မောင်းနှင်သွားလာတဲ့အခါ အဲဒါတွေထဲကို ပြုတ်ကျနိုင်တဲ့အန္တရာယ် ရှိပါတယ်။
ရေလွှမ်းတဲ့လမ်းတွေကို ကွေ့ရှောင် သွားလာဖို့ ကြိုးစားပါ။
ဘေးကင်းရာ တိမ်းရှောင်ဖို့အတွက် တခြား ရွေးစရာလမ်းမရှိလို့ ရေလွှမ်းနေတဲ့ လမ်းကနေ သွားရမယ်ဆိုရင် ရှေ့က ကားနဲ့ အကြား လုံလောက်တဲ့အကွာအဝေးကို ထိန်းသိမ်းရင်း ဖြေးဖြေးမောင်းပါ။
ဒါကတော့ ရှေ့မှာရှိတဲ့ကားက ရေတွေစင်တဲ့အခါ ကိုယ့်ရဲ့ မြင်ကွင်းက ဝေဝါးသွားနိုင်တာကြောင့်ပါ။ ဒါ့အပြင် အဲဒီကားက ရုတ်တရက် ရပ်လိုက်တဲ့အခါ နောက်ကနေ ဝင်ဆောင့်မိတဲ့ အန္တရာယ်လည်း ရှိပါတယ်။
မြန်မြန်မောင်းတာဟာ ရေတွေ ပိုစင်စေတာကြောင့် အင်ဂျင်တွေ ရေစိုပြီး ပြဿနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။
ဒါတွေဟာ ဇူလိုင်လ ၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။