ကုလသမဂ္ဂ နျူကလီးယားတားမြစ်ရေး သဘောတူစာချုပ် ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နျူကလီးယားလက်နက်တားမြစ်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် အတည်ပြုခြင်း ၄ နှစ်မြောက် အထိမ်းအမှတ် အွန်လိုင်း အခမ်းအနားတစ်ရပ်ကို တိုကျိုအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ပါတယ်။

Peace Boat အဖွဲ့ဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာ လှုံ့ဆော်မှု အဖွဲ့ (ICAN) ရဲ့ နိုင်ငံတကာ လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။
ဂျပန်လို"hibakusha" လို့ ခေါ်တဲ့ အဏုမြူဗုံးဒဏ်က အသက်ရှင်လွတ်မြောက်ခဲ့သူတွေရဲ့ ပြောကြားချက်တွေကို မျှဝေရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ အွန်လိုင်း စီမံကိန်းတစ်ခုမှာ ၂၅ နိုင်ငံက လူပေါင်း ၂ ထောင်ကျော် ပါဝင်ခဲ့တယ်လို့ Peace Boat အဖွဲ့က ဆိုပါတယ်။
ကမ္ဘာတစ်ဝန်းက လူတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ၁၉၄၅ ခုနှစ်က အဏုမြူဗုံး ပေါက်ကွဲမှုတွေရဲ့ အဖြစ်ဆိုးတွေနဲ့ ပတ်သက်ပြီး ပြောပြရတဲ့ အဲဒီပွဲကနေ သူတို့ ခွန်အားတွေ ရရှိတယ်လို့ ဗုံးဒဏ်က အသက်ရှင်လွတ်မြောက်ခဲ့သူ တချို့က ဆိုပါတယ်။
လက်ဘနွန်နိုင်ငံသား အမေရိကန် တက္ကသိုလ်ကျောင်းသူတစ်ယောက်က hibakusha တွေ ပြောပြတာကို နားထောင်ရတဲ့အခါ လူတွေနဲ့ ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်ပါလားလို့ ခံစားရပြီး လက်နက်ဖျက်သိမ်းရေး ဆက်လက် တိုက်ပွဲဝင်ဖို့ မျှော်လင့်ချက်နဲ့ အားအင်တွေ ရတယ်လို့ ပြောပါတယ်။
အဲဒီ နျူကလီးယား တားမြစ်ရေး သဘောတူညီချက်ဟာ အခုနှစ် ဇန်နဝါရီလကစပြီး အသက်ဝင်လာခဲ့ပါတယ်။ အခုအချိန်အထိ နိုင်ငံနဲ့ နယ်မြေပေါင်း ၅၄ ခုက လက်မှတ်ရေးထိုးထားပြီး နျူကလီးယားအင်အားကြီးနိုင်ငံတွေ၊ အမေရိကန်ရဲ့ နျူကလီးယား အရိပ်အာဝါသနဲ့ စောင့်ရှောက်မှု ခံယူနေတဲ့ ဂျပန်နဲ့ တခြားနိုင်ငံတွေက အဲဒီ စာချုပ်မှာ လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။