ဂျပန်နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးသည်းထန်နိုင်

နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားမှာ မိုးကြီးမှုကြောင့် မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်နိုင်တယ်လို့ ဂျပန့် မိုးလေဝသ အရာရှိတွေက ပြောလိုက်ပါတယ်။

တောင်အရပ်ကလာတဲ့ နွေးထွေး စိုထိုင်းတဲ့ လေထုက ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ မိုးအများအပြားရွာသွန်းစေတဲ့ လေဖိအားလမ်းကြောင်းကို ပိုမိုအားကောင်းစေပြီး ဂျပန်အနောက်ပိုင်းမှာ မိုးတိမ်တွေကို ဖြစ်ထွန်းစေတယ်လို့ မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။ ဂျပန် အရှေ့ပိုင်းမှာလည်း မိုးရွာသွန်းမှု ပိုပြီးသည်းထန်လာနေပါတယ်။
ဟီရိုရှီးမားမြို့မှာ ကြာသပတေးနေ့ မနက် ၁၀ နာရီအထိ ၁၂ နာရီအတောအတွင်း မိုးရေချိန် ၁၉၆ မီလီမီတာ ရွာသွန်းခဲ့ပါတယ်။ ဟီရိုရှီးမား ခရိုင်မှာပဲရှိတဲ့ Takehara မြို့မှာ ကြာသပတေးနေ့ နေ့လယ်ပိုင်းအထိ ၁၂ နာရီအတွင်း ၁၉၃ မီလီမီတာ ရှိခဲ့ပါတယ်။ ဒီ ပမာဏတွေဟာ အမြင့်ဆုံး စံချိန်တွေ ဖြစ်ပါတယ်။
ဂျပန်အနောက်ပိုင်း ဂျပန်ပင်လယ်ကမ်းခြေတစ်လျောက်က တချို့ဒေသတွေမှာ မိုးတိမ် လမ်းကြောင်းတစ်ခု ဖုံးလွှမ်းခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့က အဲဒီ ဒေသတွေမှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့ပါတယ်။
ရှီမာနဲ၊ တို့တိုရီ၊ ဟီရိုရှီးမား၊ ယာမာ့ဂူချီ နဲ့ ဟယောဂို ခရိုင်တွေက နေရာတချို့မှာ မြေပြိုမှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန် အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ သောကြာနေ့အထိ မိုးထစ်ချုန်းပြီး သည်းထန်နိုင်ဖွယ်ရှိပါတယ်။
သောကြာနေ့ နေ့လယ်အထိ ၂၄ နာရီအတွင်း Kyushu မြောက်ပိုင်းမှာ မိုးရေချိန် ၁၂၀ မီလီမီတာအထိ၊ Chugoku ဒေသမှာ ၁၀၀ မီလီမီတာ၊ Tokai ဒေသမှာ ၈၀ မီလီမီတာ၊ Hokuriku ဒေသမှာ ၇၀ မီလီမီတာ ရွာသွန်းမယ်လို့ ခန့်မှန်းရပါတယ်။
စနေနေ့က ကြီးမားတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ ရှီဇုအိုက ခရိုင် Atami မြို့မှာထုတ်ပြန်ထားတဲ့ မြေပြိုမှုဆိုင်ရာ သတိပေးချက်ကို ဗုဒ္ဓဟူးနေ့က ရုတ်သိမ်းလိုက်ပါတယ်။
ဒါပေမဲ့ ဒီဒေသမှာ ကြာသပတေးနေ့မှာ မိုးထစ်ချုန်း ရွာသွန်းဖွယ်ရှိနေပါတယ်။