တိုကျိုမှာ လေးကြိမ်မြောက်အဖြစ် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ဖို့ ဂျပန် ဆုံးဖြတ်

တိုကျိုမှာ လေးကြိမ်မြောက်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ထုတ်ပြန်ဖို့ ဂျပန် အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအရေးပေါ်အခြေအနေ ကြေညာချက်ဟာ လာမယ့် တနင်္လာနေ့ကနေ ဩဂုတ်လ ၂၂ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

လတ်တလော အိုကီနာဝါ ခရိုင်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ဩဂုတ်လ ၂၂ ရက်နေ့အထိ သက်တမ်းတိုးဖို့ ရှိပါတယ်။
ဒါ့အပြင် စိုင်းတာမ၊ ချိဘ၊ ခါနာ့ဂါဝ နဲ့ အိုစာကာ ခရိုင်တွေမှာ လုပ်ဆောင်နေတဲ့ တင်းကျပ်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့အထိ သက်တမ်းတိုးဖို့လည်း အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။
ဟော့ကိုင်းဒိုး၊ အိုင်းချိ၊ ကျိုတို၊ ဟယောဂိုနဲ့ ဖူကုအိုက ခရိုင်တွေမှာ ထုတ်ပြန်ထားတဲ့ အလားတူ ဆောင်ရွက်ချက်တွေကိုတော့ နဂိုက စီစဉ်ထားတဲ့အတိုင်း တနင်္ဂနွေနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။