နိုင်ငံခြားစတော့ရှယ်ယာ ဈေးကွက်ဝင် ကုမ္ပဏီတွေအပေါ် တရုတ်နိုင်ငံက ပိုမို ထိန်းချုပ်ဖွယ်ရှိ

နိုင်ငံခြားက စတော့ရှယ်ယာဈေးကွက်ဝင် ပြည်တွင်းကုမ္ပဏီတွေအပေါ် တရုတ်အစိုးရက စောင့်ကြည့်ထိန်းချုပ်မှုကို တိုးမြှင့်မှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်အစိုးရရဲ့ တရားဝင် စာရွက်စာတမ်းတစ်ခုမှာ "အစုရှယ်ယာဈေးကွက်က တရားမဝင် လှုပ်ရှားမှုတွေကို နှိမ်နင်းသွားမယ်" လို့ ပါရှိပါတယ်။
နိုင်ငံတွေကို ကျော်လွှားပြီး ဒေတာ စီးဆင်းမှုနဲ့ လျှို့ဝှက် သတင်းအချက်အလက် စီမံခန့်ခွဲရေးတွေနဲ့ပတ်သက်တဲ့ ဥပဒေနဲ့စည်းမျဉ်းတွေ ပြောင်းလဲပြင်ဆင်ဖို့ တရုတ်အစိုးရက စီစဉ်နေပါတယ်။ ဒါ့အပြင် နိုင်ငံခြား အစုရှယ်ယာ ဈေးကွက်မှာ စာရင်းသွင်းမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပြန်လည် သုံးသပ်ဖို့ စီစဉ်နေပါတယ်။
ဇွန်လ ၃၀ ရက်နေ့က နယူးယောက်ဈေးကွက်မှာ အငှားယာဉ်လုပ်ငန်းဖြစ်တဲ့ Didi Global ကုမ္ပဏီက စာရင်းဝင်ပြီးပြီးချင်း တရုတ်အာဏာပိုင်တွေက နိုင်ငံ့လုံခြုံရေး စိုးရိမ်ရတယ်လို့ အကြောင်းပြပြီးတော့ အဲဒီကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ ကိုယ်ရေးအချက်အလက်တွေကို တရားမဝင် စုဆောင်းအသုံးပြုတယ်လို့ ဆိုပြီး အွန်လိုင်းစတိုးတွေကနေ အက်ပလီကေးရှင်းကို ဖယ်ရှားရမယ်လို့ Didi ကုမ္ပဏီကို အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ တရုတ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုမှာ စတော့ရှယ်ယာ ဈေးကွက်ဝင်ထားတဲ့ တခြား ကုမ္ပဏီ ၂ ခုကို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုတွေဟာ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းပြီး ဩဇာကြီးထွားလာနေတဲ့ IT ကုမ္ပဏီတွေအပေါ် တရုတ်အစိုးရက ဖိအားတိုးမြှင့်ဖို့ ကြိုးပမ်းတာလို့ ယူဆရပါတယ်။
တရုတ်အစိုးရရဲ့ သဘောထားဟာ နိုင်ငံခြားမှာ ငွေပင်ငွေရင်း ရယူဖို့ တရုတ် ကုမ္ပဏီတွေရဲ့ ကြိုးပမ်းမှုတွေအပေါ် ဂယက်ရိုက်လာမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။