နယူးယောက်က ဈေးကွက်မှာ ရေနံစိမ်းဈေး ၆ နှစ်ကျော်အတွင်း အမြင့်ဆုံးဖြစ်ခဲ့

ရေနံ ထုတ်လုပ်တဲ့ အဓိက နိုင်ငံတွေ ထုတ်လုပ်မှု တိုးမြှင့်ဖို့ ညှိနှိုင်းရေး အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရပြီးနောက် အင်္ဂါနေ့က နယူးယောက်ဈေးကွက်မှာ ရေနံစိမ်းဈေးဟာ ၆ နှစ်ခွဲအတွင်း အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။

နယူးယောက်ရဲ့ ရေနံစိမ်း ကြိုတင်ဝယ်ယူမှု WTI အညွှန်းကိန်းဟာ တစ်ချိန်မှာ တစ်စည်ကို ၇၆.၉၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းမှာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။
ရေနံထုတ်လုပ်တဲ့ အဓိက နိုင်ငံတွေ ညှိနှိုင်းပြီး ထုတ်လုပ်မှု လျှော့ချခဲ့တာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့တဲ့ စီးပွားရေးလှုပ်ရှားမှုတွေ ပြန်အသက်ဝင်လာတာတွေကြောင့် မကြာခင် လပိုင်းတွေကစပြီး ရေနံစိမ်းဈေးဟာ မြင့်တက်လာခဲ့ပါတယ်။
OPEC အဖွဲ့ဝင်တွေနဲ့ ရုရှားလို အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေ အပါအဝင် ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကြားမှာ တနင်္လာနေ့က စီစဉ်ထားခဲ့တဲ့ အစည်းအဝေးတစ်ခုကို ကျင်းပဖို့ အထမမြောက်ခဲ့ပါဘူး။ အဲဒီနိုင်ငံတွေက ဩဂုတ်လက စပြီး ရေနံ ထုတ်လုပ်မှုကို မြှင့်တင်မလားဆိုတာကို ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။