ဂျပန်နိုင်ငံခြားရေးဝန်ကြီး သြဂုတ်လအတွင်း အီရန်ကို သွားဖို့ရှိ

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu ဟာ အီရန်အစိုးရအသစ်က အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ အစောဆုံး သြဂုတ်လလယ်ပိုင်းလောက် မှာ အီရန်ကိုသွားဖို့ စီစဉ်ထားပါတယ်။

သြဂုတ်လအစောပိုင်းမှာ လက်ရှိသမ္မတ Hassan Rouhani ရဲ့နေရာကို အမေရိကန်ဆန့်ကျင်ရေးရှေးရိုးစွဲဝါဒီ သဘောထားတင်းမာသူ Ebrahim Raisi ကဆက်ခံပြီးနောက် မစ္စတာ Motegi ဟာ အီရန်ကို သွားရောက်ဖွယ် ရှိပါတယ်။
အစ္စလာမ် ဥပဒေပညာရှင် နဲ့ တရားရေးအကြီးအကဲ ဖြစ်သူ မစ္စတာ Ebrahim Raisi ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အီရန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
အီရန်ရဲ့ Raisi အစိုးရမှာ ပါဝင်တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးအသစ်အပါအဝင် တခြား အရာရှိကြီးတွေနဲ့ တွေ့ဆုံရာမှာ မစ္စတာ Motegi ဟာ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ လျော့ကျပြီး တည်ငြိမ်မှု ရှိလာစေဖို့အတွက် ကြိုးပမ်းမှုတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ သူတို့တွေကို တိုက်တွန်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ဂျပန်နဲ့ အီရန်အကြားအစဉ်အလာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာ စေဖို့လိုလားတဲ့ ဂျပန်ရဲ့သဘောထားကိုလည်း သူက ထုတ်ဖော်ပြောကြား သွားမယ်လို့ မျှော်လင့်ရပါတယ်။
မစ္စတာ Motegi နဲ့ အီရန်အရာရှိတွေဟာ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ဆိုင်ရာ အီရန်နဲ့ အမေရိကန်အကြားက သွယ်ဝိုက် ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖွယ်ရှိပါတယ်။
မစ္စတာ Motegi ဟာ အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အီရတ် နဲ့ ကာတာနိုင်ငံတွေကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။