ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်း

ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

အင်္ဂါနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တရားရုံးကြားနာမှုတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီးတဲ့နောက် သူ့ရှေ့နေက သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်း လိုက်ကြောင်း ပြောခဲ့ပါတယ်။ သူဟာ လမ်းလျှောက်စကားပြောစက်တွေ တရားမဝင် တင်သွင်းမှုအပါအဝင် စွဲချက်များစွာနဲ့ ရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်ပြန့်ပွားမှုတွေဟာ အရင်ကထက် ပိုမိုဆိုးရွားနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း သူ့ရှေ့နေက ပြောပါတယ်။ သူကာကွယ်ဆေးထိုးပြီးပြီဖြစ်ကြောင်းလည်း ရှေ့နေကို ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်မှုအသစ်အရေအတွက်ဟာ အင်္ဂါနေ့က ၃ရက် ဆက်တိုက် အများဆုံး စံချိန်တင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စတင်ခဲ့ပြီး ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေ နှောင့်နှေးနေပါတယ်။ ပြည်သူတွေအကြား စစ်တပ်ကစီစဉ်တဲ့ ကာကွယ်ဆေးထိုးမှုကို ငြင်းဆန်တဲ့ သဘောထားတွေလည်း တိုးပွားနေပါတယ်။