မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၃)

ဒီအစီအစဉ်တွဲဟာ ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပါတယ်။

အခုရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ မိုးအကြီးအကျယ် ရွာသွန်းတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်တဲ့ အစီအစဉ် အပိုင်း (၃) ကို ဒီကနေ့ တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီကနေ့တော့ မော်တော်ကားနဲ့ တိမ်းရှောင်မှုတွေ လုပ်တဲ့အခါ ဘာကို သတိထားသင့်သလဲဆိုတာကို အဓိကထားပြီး တင်ဆက်ပါမယ်။
ကားနဲ့ တိမ်းရှောင်တာ ဖြစ်တဲ့အတွက် လုံခြုံတယ်လို့ မယူဆသင့်ပါဘူး။
၂၀၁၉ ခုနှစ်မှာ တိုင်ဖွန်းမုန်တိုင်း Hagibis တိုက်ခဲ့ချိန်က အဆောက်အဦ ပြင်ပမှာ ရှိနေတုန်း သေဆုံးခဲ့သူတွေထဲက ၄၀ ရာခိုင်နှုန်းဟာ ကားနဲ့ တိမ်းရှောင်နေခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ ကားနဲ့အတူ ရေထဲ မျောပါသွားတာ ဒါမှမဟုတ် ပြိုနေတဲ့ လမ်းတွေထဲ ပြုတ်ကျတာမျိုးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
လေရောမိုးပါ ပြင်းထန်နေရင် ကားမောင်းပြီး အိမ်ပြန်တာမျိုး မလုပ်ပါနဲ့။
မြစ်ချောင်းတွေတစ်လျှောက်နဲ့ စပါးခင်းတွေ ရှိတဲ့ ဧရိယာ အနီးတစ်ဝိုက်ကို ရှောင်ရှားပါ။
ရေလျှံနေတဲ့ လမ်းတွေဟာ အန္တရာယ်များပါတယ်။ လူတွေဟာ လမ်းပေါ်က အတားအဆီးတွေကို မြင်ရဖို့ ခက်တာကြောင့် ခလုတ်တိုက်ပြီး ခလုတ်တိုက်ပြီး လဲကျသွားနိုင်ပါတယ်။ ရေလျှံနေတဲ့ လမ်းတွေဟာ တိုက်စားခံထားရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ အရင်က ဘေးအန္တရာယ်တွေ ကျရောက်ခဲ့တုန်းက ပြိုနေတဲ့ လမ်းတွေရဲ့ အနေအထားကို သတိမပြုမိဘဲ ပြုတ်ကျပြီး သေဆုံးခဲ့သူ တချို့ ရှိခဲ့ဖူးပါတယ်။
ကိုယ်အသုံးပြုနေကျ လမ်းဖြစ်ရင်တောင်မှ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိထား စစ်ဆေးသင့်ပါတယ်။
ဒီသတင်းအချက်အလက်တွေဟာ ဇူလိုင်လ ၇ ရက်နေ့အချိန်အထိ ရရှိထားတာတွေဖြစ်ပြီး NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။