Atami မှာ မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး ဆက်လက် လုပ်ဆောင်

တိုကျိုမြို့အနောက်ဘက်က Shizuoka ခရိုင် Atami မြို့မှာ လူတွေသေဆုံးခဲ့ရတဲ့ မြေပြိုမှု ဖြစ်ပြီး ၅ ရက်မြောက်မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

သေဆုံးသူ ၇ ဦး ရှိတယ်လို့ အတည်ပြုခဲ့ပြီး လူ ၂၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေက ပုံမှန်အတိုင်း စနေနေ့ မနက်စောစောမှာ လှုပ်ရှားဖို့ လုပ်ဆောင်နေချိန် အပေါ်ဘက်က တောင်စောင်းပေါ်ကနေ မြေပြိုမှု ဖြစ်ခဲ့တာပါ။ အဲဒီ မြေပြိုမှုကြောင့် အပန်းဖြေမြို့ Atami က လူနေအိမ်တွေနဲ့ တည်းခိုခန်းတွေ အများအပြား မျောပါသွားခဲ့ပါတယ်။
ထုထည်ကြီးမားတဲ့ မြေကြီးနဲ့ အပျက်အစီးတွေကြောင့် ရှာဖွေရေးလုပ်ငန်းအတွက် ကြိုးပမ်းမှုတွေ နှောင့်နှေးနေရပါတယ်။ မြေကြီးထဲ မြုပ်နေသူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိရအောင် တချို့ ဧရိယာက အလုပ်သမားတွေဟာ သူတို့ လက်တွေ၊ သေးငယ်တဲ့ ကိရိယာတွေကိုပဲ အသုံးပြုပြီး တူးဖော်နေကြပါတယ်။
အလွန်အမင်း မတ်စောက်တဲ့ လမ်းတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရိုင် ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။
မီးသတ်သမားတွေဟာ ပျက်စီးနေတဲ့ နေအိမ်တွေထဲမှာ အသက်ရှင်နေသူတွေ ရှိမရှိ စစ်ဆေးနေပါတယ်။ အဲဒီ ဒေသအတွင်း မိုး ပိုရွာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပြီး မိုးရွာသွန်းမှုကြောင့် နောက်ထပ် မြေပြိုမှု ဖြစ်လာနိုင်တယ်လို့ အရာရှိတွေက ဒေသခံတွေကို သတိပေးနေပါတယ်။