ဂျပန် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မိုး ပိုရွာနိုင်

ဂျပန်က Sanin နဲ့ Tokai ဒေသတွေက ကျယ်ပြန့်တဲ့ ဧရိယာအပေါ်မှာ ကြီးမားတဲ့ မိုးတိမ်တွေ ဖြစ်ပေါ်နေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

အဲဒီဒေသတွေမှာ မြေပြိုမှုနဲ့ ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ အဲဒီ အေဂျင်စီက တိုက်တွန်းနေပါတယ်။
Kyushu ဒေသရဲ့ မြောက်ဘက်ပိုင်းကနေ Tohoku ဒေသအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က ဧရိယာတွေမှာ မိုး ပိုရွာနိုင်တယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။
ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် Sanin ဒေသရဲ့ ကောင်းကင်မှာ မိုးရွာသွန်းမှု ဖြစ်စေတဲ့ တိမ်တန်းကြီးတစ်ခုကို တွေ့ရှိထားတယ်လို့ အဲဒီအေဂျင်စီက ဆိုပါတယ်။
Sanin ဒေသက ဧရိယာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။ Tokai ဒေသမှာလည်း အလားတူ မိုးသည်းထန်နေပါတယ်။
Shimane ၊ Tottori နဲ့ Okayama ခရိုင်တွေမှာ မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးနေပါတယ်။ Tottori ခရိုင်မှာ မြစ်ရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သတိပေးနေပါတယ်။
Shimane ခရိုင် Matsue မြို့က ဒေသခံ ၂,၀၀၀ လောက်နဲ့ အိမ်နီးချင်း Tottori ခရိုင် Tottori မြို့က ဒေသခံ ၁,၅၀၀ ကျော်အတွက် မိုးသည်းထန်မှု၊ ရေကြီးမှုနဲ့ မြေပြိုမှုဆိုင်ရာ သတိပေးချက် အဆင့် ၅ ဆင့် ရှိတဲ့အထဲက အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၅ကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အဲဒီအဆင့်မှာ လူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုကို ချက်ချင်းရယူဖို့ လိုအပ်ပါတယ်။ တိမ်းရှောင်ဖို့ မတတ်နိုင်သူတွေအနေနဲ့ မိမိအသက်ကို ကာကွယ်ရေး လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
တိမ်ထုကြီးတွေကြောင့် Kyushu ဒေသရဲ့ မြောက်ဘက်ပိုင်းကနေ Tohoku ဒေသအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က ဧရိယာတွေမှာ နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ဆိုပါတယ်။