ဟောင်ကောင်မှာ လူမှုကွန်ရက်ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဖြတ်တောက် နိုင်ဖွယ်ရှိ

ဟောင်ကောင်မှာ ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ပြင်ဆင်ခဲ့တာကြောင့် အင်တာနက် ကုမ္ပဏီတွေဖြစ်တဲ့ Facebook Twitter နဲ့ Google တို့လို့ လုပ်ငန်းတွေဟာ ဟောင်ကောင်မှာပေးနေတဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေ ရပ်သွားနိုင်ဖွယ်ရှိတယ်လို့ အဲဒီ စီးပွားရေးလုပ်ငန်းတွေရဲ့ အာရှဒေသဆိုင်ရာအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

ဟောင်ကောင်အစိုးရရဲ့ ကိုယ်ရေး အချက်အလက်ဆိုင်ရာ အရာရှိတစ်ဦးဆီ Asia Internet Coalition အဖွဲ့က ပေးပို့ခဲ့တဲ့ စာတစ်စောင်ကို တနင်္လာနေ့က လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၉ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိတွေနဲ့ တခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်ရဲ့ ကိုယ်ရေး အချက်အလက်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ ဟောင်ကောင်အစိုးရဟာ မေလက အဆိုပြုခဲ့ပါတယ်။
ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက်ဟာ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး အွန်လိုင်းမှာ ရိုးရိုးသားသား သတင်းအချက်အလက်မျှဝေတာတွေကိုတောင် ဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး အရေးယူနိုင်ကြောင်း အဲဒီအဖွဲ့က ဒီစာထဲမှာ ရေးသားခဲ့တယ်လို့ ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာတွေကို အာဏာပိုင်တွေက ဖျက်ဖို့ တောင်းဆိုတဲ့အခါ လိုက်လျောဖို့ပျက်ကွက်ခဲ့ရင် အဲဒီကုမ္ပဏီတွေရဲ့ ဟောင်ကောင်အခြေစိုက်ဝန်ထမ်းတွေကို ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာနိုင်တာကို စိုးရိမ်ကြောင်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။
တရုတ်ပြည်မကြီးမှာ လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပေမယ့် ဟောင်ကောင်မှာတော့ ပြည်သူတွေဟာ လက်ရှိအချိန်အထိ လွတ်လွတ်လပ်လပ်အသုံးပြုနိုင်ကြပါတယ်။