ပြင်သစ် သမ္မတနဲ့ ဂျာမန်ဝန်ကြီးချုပ်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း တရုတ်သမ္မတ ကို ပြောကြား

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့ဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ တရုတ်သမ္မတ Xi Jinping ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ကျင်းပခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ခေါင်းဆောင်တွေက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ခေါင်းဆောင် ၃ ဦးဟာ ရာသီဥတု ပြောင်းလဲမှု၊ အာဖရိကတိုက်အတွက် စီးပွားရေးဆိုင်ရာအကူအညီတွေနဲ့ တခြားအရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ပြင်သစ်သမ္မတရုံးက ဆိုပါတယ်။
သမ္မတ Macron နဲ့ ဝန်ကြီးချုပ် Merkel တို့ဟာ Xinjiang Uygur ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်တယ်လို့ ပြောကြားခဲ့ကြပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း အဲဒီရုံးက ပြောပါတယ်။
ပြင်သစ်နဲ့ ဂျာမနီတို့ဟာ တရုတ်ရဲ့ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလိုမျိုး ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ်လိုအပ်တယ်လို့ ယူဆတာကြောင့် တရုတ်နဲ့စီးပွားရေး ကို အရေးပါတဲ့အခန်းကဏ္ဍမှာထားရှိပြီး ဆောင်ရွက်နေပါတယ်။
သမ္မတ Xi က ဥရောပအနေနဲ့ ကမ္ဘာ့အရေးကိစ္စတွေမှာ ပိုပြီး အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ပြီး မဟာဗျူဟာမြောက်တဲ့ လွတ်လပ်မှုကို ပြသနိုင်ဖို့ မျှော်လင့်ကြောင်း အဲဒီအစည်းအဝေးမှာ ပြောခဲ့တယ်လို့ တရုတ်ရဲ့ Xinhua သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
အမေရိကန် နဲ့ အမေရိကန်ရဲ့ မဟာမိတ်တပ်ဖွဲ့တွေပေါင်းပြီး တရုတ်အပေါ်တန်ပြန်ဆောင်ရွက်မှာနဲ့ အဲဒီလက်တွဲဆောင်ရွက်မှုမှာ ဥရောပနိုင်ငံတွေ ပါဝင်လာမှာကို တရုတ်က စိုးရိမ်နေပုံရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။