ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ရပ်ဆိုင်းမယ်လို့ ဝန်ကြီးချုပ်ပြော

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေ ကျန်ရှိနေသေးတာကို အားလုံးနီးပါးဖျက်သိမ်းဖို့ ဗြိတိန်အစိုးရကစီစဉ်နေတယ်လို့ ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။

အများပြည်သူသွားလာတဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ဖို့၊ လူစုဝေးတဲ့ပမာဏကို ကန့်သတ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့စည်းကမ်းတွေနဲ့ နေအိမ်ကနေ အလုပ်လုပ်တဲ့ အကြံပြုချက်တွေ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖယ်ရှားမှာဖြစ်တယ်လို့ မစ္စတာ Johnson က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
အခြေအနေကို အသစ်ပြန်လည်သုံးသပ်ပြီးနောက် ဇူလိုင်လ ၁၉ ရက်နေ့မှာ အဲဒီကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ အစိုးရက စီစဉ်ထားပါတယ်။ ဒါပေမဲ့ ကပ်ရောဂါပြီးဆုံးဖို့ အချိန်လိုသေးတယ်လို့ မစ္စတာ Johnson က သတိပေးခဲ့ပါတယ်။ ရောဂါကူးစက်မှုအရေအတွက် အလျင်အမြန်တိုးလာနေပြီး ဇူလိုင်လ ၁၉ ရက်နေ့မတိုင်ခင် တစ်နေ့ကို ကူးစက်မှုနှုန်း ၅၀,၀၀၀ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ အလွန်ကူးစက်မြန်တဲ့ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဗြိတိန်မှာ တနင်္လာနေ့မှာ တစ်နေ့တာ ကူးစက်သူအသစ် ၂၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများနေတဲ့အချိန်မှာ ကန့်သတ်ချက်တွေကို ဖယ်ရှားတာက အန္တရာယ်ရှိလာမယ်လို့ ကျွမ်းကျင်သူတချို့က သတိပေးနေပါတယ်။