ဂျပန်အစိုးရကကောက်ခံတဲ့ အခွန်ဝင်ငွေ ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ စံချိန်တင်မြင့်တက်

မတ်လကုန်မှာကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်မှာ ဂျပန်အစိုးရက ကောက်ခံတဲ့ အခွန်ဝင်ငွေ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကပ်ရောဂါ ဖြစ်နေပေမဲ့လည်း ကုမ္ပဏီတွေရဲ့ ပေးဆောင်မှုတွေက မျှော်မှန်းထားတာထက် ပိုများတာကြောင့် အခုလိုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်ဝင်ငွေခွန်ဟာ အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံလောက် ရရှိခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ဒီဇင်ဘာလတုန်းက တာဝန်ရှိသူတွေခန့်မှန်းထားခဲ့တာထက် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံနီးပါး ပိုများလာတာ ဖြစ်ပါတယ်။
ကပ်ရောဂါကြောင့် စီးပွားရေးတွေထိခိုက်ပေမဲ့ အိမ်ထဲမှာနေကြတဲ့ လူတွေရဲ့လိုအပ်ချက်တွေ များလာတာနဲ့ အတူ ကုမ္ပဏီတော်တော်များများကလည်း အမြတ်ငွေတွေ ပိုများလာခဲ့ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံမှာ စီးပွားရေးပြန်လည်အားကောင်းလာပါတယ်။
ဂျပန်မှာ ၁၉၈၉ ခုနှစ်မှာ စည်းကြပ်ခွန်ကို စတင် ကောက်ခံခဲ့တဲ့နောက်ပိုင်း စားသုံးခွန်ကရတဲ့ဝင်ငွေဟာ ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံ ကျော်လွန်ခဲ့ပါတယ်။ စားသုံးခွန်ကောက်ခံတဲ့ နှုန်းထားကို ၂၀၁၉ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ စုစုပေါင်းအခွန်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံလောက် ရှိခဲ့ပြီး ၂၀၁၈ ဘဏ္ဍာရေးနှစ်က စံချိန်ကို ကျော်ခဲ့ပါတယ်။