မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၂)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းတာတွေ ဖြစ်တတ်တဲ့ရာသီပါ။ မိုးအကြီးအကျယ်ရွာသွန်းတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာသိစေဖို့ ဒီနေ့မှာလည်း တင်ဆက်သွားပါမယ်။
တိမ်းရှောင်မှုတွေလုပ်တဲ့အခါ ဘာကို သတိပြုရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကို နားဆင်ကြပါ။ အန္တရာယ်ကင်းတဲ့နေရာကို တိမ်းရှောင်ပြီဆိုရင် တစ်ယောက်တည်းသွားဖို့ မကြိုးစားပါနဲ့၊ နှစ်ယောက် ဒါမှမဟုတ် အုပ်စုလိုက်သွားပါ။ ရေမြုပ်နေတဲ့ လမ်းတွေ၊ နေရာတွေကို အသုံးပြုတာမျိုး ရှောင်ရှားပါ။ ရေဟာ လူကြီးတစ်ယောက်ရဲ့ ဒူးဆစ်လောက်ရှိတဲ့ ၅၀ စင်တီမီတာ အမြင့်ကိုရောက်လာပြီဆိုရင် ရေရဲ့ဖိအားကြောင့် လူကြီးတစ်ယောက်တောင် လမ်းလျှောက်ဖို့ မလွယ်ပါဘူး။ ရေစီးနေတဲ့အထဲ လမ်းလျှောက်ပြီဆိုရင် လူတစ်ယောက်ဟာ လွယ်လွယ်နဲ့ ခြေထောက်ယိုင်ကာ လဲကျပြီး ရေတိမ်ထဲမှာတောင် မျောပါသွားနိုင်ပါတယ်။
ရေမြုပ်နေတဲ့လမ်းတွေဟာ ပိုပြီးတော့ အန္တရာယ်များပါတယ်။ ကိုယ့်ရှေ့ကလမ်းမှာ ဘာရှိနေသလဲဆိုတာ မြင်ဖို့မလွယ်တဲ့ အတွက် အလွယ်တကူနဲ့တိုက်မိပြီး လဲကျသွားနိုင်ပါတယ်။ အပေါက်တွေထဲ၊ ရေမြောင်းထဲ၊ အဖုံးမရှိတော့တဲ့ လမ်းပေါ်က တွင်းတွေထဲ ပြုတ်ကျသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
ရေမြုပ်နေတဲ့နေရာကိုဖြတ်ပြီးသွားဖို့ကလွဲပြီး တခြားရွေးစရာလမ်းမရှိတဲ့အခါ ရေနက်တဲ့နေရာ ၊ ရေစီးကြောင်းရှိတဲ့ နေရာတွေကို ရှောင်ရှားပြီးသွားသင့်ပါတယ်၊ ရှေ့မှာ ဘာရှိသလဲဆိုတာ သိဖို့ ထီးအရှည် ဒါမှမဟုတ် တုတ်ချောင်းရှည်ကို အသုံးပြုပြီးသွားကြပါ။
ဒီသတင်းအချက်အလက်တွေကတော့ ဇူလိုင်လ ၆ ရက်နေ့အထိ အတည်ပြုထားတာဖြစ်ပါတယ်။ ဒီသတင်းအချက်အလက်တွေ ကို NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ရယူနိုင်ပါတယ်။