မြန်မာသတင်းအဖွဲ့အစည်းတစ်ခု သတင်းထုတ်လွှင့်ရေးအတွက် လက်မလျှော့သေး

မြန်မာစစ်တပ်ဟာ ဒါဇင်နဲ့ချီတဲ့သတင်းထောက်တွေကို ဖမ်းဆီး ပြည်တွင်းသတင်းမီဒီယာတွေရဲ့ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်တာတွေကို လုပ်ဆောင်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်ချို့ စာနယ်ဇင်းသမားတွေကတော့ အသက်အန္တရာယ်ကိုမမှုပဲ သတင်းတွေကို ရယူထုတ်လွှင့်နေပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ရဲ့အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က သူ့ရဲ့သတင်းဌာနဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို ဆက်လက်ပြီး သတင်းရယူဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို NHK ကို ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ DVB ရဲ့ လုပ်ငန်းလိုင်စင်ကို မတ်လအတွင်းမှာဖျက်သိမ်းခဲ့ပါတယ်၊ အခုအခါ DVB ဟာ အွန်လိုင်းကနေ သတင်းတွေထုတ်လွှင့်တင်ဆက်နေပါတယ်။
ဦးအေးချမ်းနိုင်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ "ကိုယ့်ရဲ့မိုဘိုင်းတယ်လီဖုန်းကို သုံးပြီး လမ်းမပေါ်မှာ မှတ်တမ်းရိုက်ယူတာတောင် အန္တရာယ်ရှိနေပါပြီ၊ ဒီတော့ ကျနော်တို့ဟာ သတင်းရယူတဲ့နည်းလမ်းမျိုးစုံကို ရှာဖွေအသုံးပြုလာဖို့လိုလာပါပြီ" လို့ ပြောပါတယ်။
ဦးအေးချမ်းနိုင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တစ်ချို့ဟာ ဖမ်းဆီးထောင်ချခံခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထိန်းသိမ်းထားသူ ၂၀၀၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ဦးအေးချမ်းနိုင်ရဲ့ လုပ်ဖော်ကိုင်ဘက်သတင်းသမားတွေ မပါဝင်ပါဘူး။
သူက " အန္တရာယ်ရှိမှန်းသိလျက်နဲ့ သူတို့လုပ်နေတာ သူတို့ယုံကြည်တာတွေအတွက် သန္နိဌာန်ချလုပ်ဆောင်ခဲ့ကြ ပါတယ်။ ပြည်သူတွေဟာ သီးခြားလွတ်လပ်တဲ့သတင်းတွေ မှန်ကန်တဲ့သတင်း အချက်အလက်တွေကို သိရှိဖို့လိုအပ်ပါတယ်။ အဲဒါဟာ ကျနော်တို့ လုပ်ချင်တဲ့အရာတွေပဲလို့ ထင်ပါတယ်" လို့ ပြောပါတယ်။
သတင်းအစီရင်ခံတင်ဆက်ဖို့ဟာ ပိုပြီးတော့ခက်ခဲလာနေတဲ့ အတွက် DVB ဟာ နိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူထဲက သတင်းထောက်တွေအပေါ် မှီခိုနေရတယ်ဆိုတာနဲ့ အဲဒီလူတွေဟာ သူတို့သတင်းဌာနအတွက် သတင်းအချက်အလက်ရရှိရာ အဓိကအရင်းအမြစ်တွေ ဖြစ်လာနေပြီလို့ ဦးအေးချမ်းနိုင် က ပြောပါတယ်။
ဦးအေးချမ်းနိုင်က "လူတိုင်းမှာ မိုဘိုင်းတယ်လီဖုန်းတွေရှိနေပြီ၊ သူတို့ဟာ သတင်းတွေကို အစီရင်ခံကြတယ်၊ သူတို့ဟာ သာမန်ပြည်သူတွေဖြစ်တယ်၊ ဒီတော့ ဘယ်သူက ဒါတွေကို လုပ်နေသလဲဆိုတာ ရှာဖွေဖို့ စစ်တပ်အတွက် ပိုပြီးတော့ ခက်လာတယ်" လို့ ပြောပါသေးတယ်။
ဦးအေးချမ်းနိုင်ဟာ အခုအခါ မြန်မာနိုင်ငံပြင်ပမှာ ရောက်ရှိနေပြီးဖြစ်ပေမဲ့လည်း ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံသတင်းတွေကို ဆက်ပြီးအစီရင်ခံနေဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။