Atami မြို့တွင် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများရှာဖွေနေဆဲ

ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Atami မြို့မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကနေ လူ ၄၁ ဦး အသက်အန္တရာယ် ကင်းလွတ်ခဲ့ကြတယ်လို့ မြို့အရာရှိတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ တိုကျိုကနေ ကီလိုမီတာ ၉၀ လောက်ကွာဝေးတဲ့ အပန်းဖြေမြို့မှာ လူသေဆုံးမှုတွေရှိခဲ့တဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒါဇင်နဲ့ချီအရေအတွက်ရှိတဲ့ လူတွေကို ရှာမတွေ့သေးပါဘူး။
အသက်ရှင်ကျန်ရစ်မယ့်သူတွေကို ဆက်လက်ရှာဖွေနေပြီး အခုအချိန်အထိ သေဆုံးသူ ၅ ဦး ရှိပြီဆိုတာကို အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ စနေနေ့က Shizuoka ခရိုင်မှာရှိတဲ့ အဲဒီမြို့မှာ အကြီးအကျယ်ပြိုကျလာတဲ့မြေကြီးတွေကြောင့် နေအိမ်အမြောက်အမြားအပါအဝင် အဆောက်အဦ ၁၃၀ လောက် တိုက်စားဖြိုချခံခဲ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ သူတို့ရဲ့ ရှာဖွေမှုတွေကို တိုးမြှင့် လုပ်ဆောင်နေခဲ့ကြပြီး မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ စိတ်ပူပန်စွာနဲ့ သတင်းကို စောင့်မျှော်နေကြပါတယ်။
ဇနီးသည်ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦးက ပြိုကျလာတဲ့မြေတွေကြောင့် သူ့ရဲ့အိမ်မြေမြုပ်သွားတဲ့အချိန် သူဟာ အိမ်မှာရှိမနေခဲ့ပဲ ဇနီးသည်သာ ရှိနေခဲ့တယ်လို့ ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ဇနီးသည်ကို အမြန်ဆုံးရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။
မိတ်ဆွေပျောက်ဆုံးနေတဲ့နောက်ထပ်အမျိုးသားတစ်ဦးကလည်း "ကျနော့်သူငယ်ချင်းကို အဆက်အသွယ်လုပ်လို့မရဘူး၊ ဘေးကင်းရန်ကင်းနဲ့ အမြန်ပြန်တွေ့မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
လူ ၂၉ ဦး ဘယ်ရောက်နေသလဲဆိုတာ အတည်ပြုနိုင်ဖို့ အရာရှိတွေ ဆက်လက်ကြိုးပမ်းနေကြတယ်ဆိုတာနဲ့ ပိုမိုများပြားလာနေတဲ့လူတွေရဲ့ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပါတယ်။
အင်္ဂါနေ့မွန်းလွဲပိုင်းမှာ ဒေသခံတွေဆီကရတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး လူ ၅ ဦးရဲ့ အမည်ကို ထပ်မံထည့်သွင်းခဲ့ပါတယ်။