ဂျပန်မှာ ဆူနာမီကြောင့် ပျက်ဆီးခဲ့တဲ့ ကျောင်းအဆောက်အအုံကို အများပြည်သူတွေအတွက် ဖွင့်ပေးဖို့ရှိ

ဂျပန့်အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆူနာမီဒဏ်ခံခဲ့ရတဲ့ မူလတန်းကျောင်းတစ်ခုရဲ့ အကြွင်းအကျန် အဆောက်အအုံကို ဇူလိုင်လ ၁၈ ရက်နေ့က စပြီး အများပြည်သူအတွက် ဖွင့်လှစ်သွားမယ် လို့ NHK က သိရှိရပါတယ်။

၂၀၁၁ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ကြောင့် Miyagi ခရိုင်မှာရှိတဲ့ Okawa မူလတန်းကျောင်းက ကျောင်းသား နဲ့ ဆရာ ၈၄ ယောက် သေဆုံးခဲ့ရပါတယ်။
Ishinomaki မြို့မှာရှိတဲ့ အဲဒီမူလတန်းကျောင်းမှာ မြေနေရာဖော်ဆောင်ပြီး သစ်ပင်တွေ စိုက်ပျိုးထားပါတယ်။ အဲဒီနေရာမှာ ပြသမယ့် ပြခန်းတစ်ခုကနေ သဘာဝဘေးအန္တရာယ်ကနေ ရရှိခဲ့တဲ့ အမှတ်ရစရာတွေနဲ့ သင်ခန်းစာတွေကို နောက်မျိုးဆက်သစ်တွေကို ဝေမျှသွားဖို့ ရည်ရွယ်ထားပါတယ်။
အကြွင်းအကျန်အဆောက်အအုံကို မူလက ဧပြီလ မှာ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမယ့် အရာရှိတွေအနေနဲ့ ပြခန်းမှာ ပြသမယ့် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တွေ၊ဒေသခံတွေနဲ့ ဆွေးနွေးဖို့ အချိန် ပိုလိုအပ်တဲ့အတွက် အဲဒီ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
သေဆုံးသွားတဲ့ သူတွေရဲ့ ဆွေမျိုးတွေအတွက် မြို့နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော် လျော်ကြေးပေးဖို့ အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၉ ခုနှစ်မှာ တရားရုံးချုပ်က အတည်ပြုခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးရဲ့ အရေးပါမှုကို လက်ဆင့်ကမ်းဖို့အတွက် ၂၀၂၀ ကစပြီး ဆရာတွေကို လေ့ကျင့်ပေးဖို့ အဲဒီကျောင်းကို အသုံးပြုခဲ့ပါတယ်။