အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးမှု စံချိန်တင်

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အသစ်တွေ များလာမှုကြောင့် နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်ပိလာနေတဲ့ကြားမှာ တနင်္ဂနွေနေ့က ကူးစက်မှုကြောင့် သေဆုံးသူ ၅၅၅ ဦး နဲ့ စံချိန်တင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကူးစက်မှုအသစ် ၂၇,၂၃၃ ဦး ရှိတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပထမဆုံး စမ်းသပ်တွေ့ရှိခဲ့ပြီး အလွန်ကူးစက်လွယ်တဲ့ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုနေတာဟာ ဒီလို ကူးစက်မှု မြင့်တက်လာတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
စနေနေ့ကအထိ တစ်နိုင်ငံလုံးမှာ COVID-19 လူနာတွေအတွက် ရရှိနိုင်တဲ့ ဆေးရုံခုတင်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူနာတွေနဲ့ ပြည့်နှက်နေပါတယ်။ မြို့တော် Jakarta ဟာ ကပ်ရောဂါဒဏ်ကို အဆိုးဆုံးခံထားရပြီး ဆေးရုံခုတင်တွေရဲ့ ၉၂ ရာခိုင်နှုန်းဟာ ပြည့်နှက်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကြောင့် ကပ်ဘေးအန္တရာယ် ကျရောက်တော့မယ် လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နဲ့ လခြမ်းနီ အသင်းချုပ် က ပြောပါတယ်။
စနေနေ့ကနေ တနင်္ဂနွေနေ့ အထိ အချိန် အတွင်း ဂျာဗားကျွန်း အလယ်ပိုင်းက ဆေးရုံတစ်ခုမှာ လူနာ ၆၃ ယောက် သေဆုံးခဲ့ပါတယ်။
အောက်ဆီဂျင်မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ ဆေးရုံက အစိုးရကို အကူအညီတောင်းခံခဲ့ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆေးကုသမှုတွေအတွက် သုံးနိုင်တဲ့ အဆင့်ရှိတဲ့ အောက်စီဂျင် လိုအပ်ချက် ၅ ဆ တိုးလာတယ်လို့ အင်ဒိုနီးရှားအစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။