အမေရိကန်သမ္မတရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ COVID အကြောင်း အလေးထား ပြောကြား

အမေရိကန်သမ္မတ Joe Biden က လွတ်လပ်ရေးနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တာ မပြီးဆုံးသေးကြောင်းနဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးစေချင်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ မိန့်ခွန်းမှာ မစ္စတာ Biden က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဝန်ထမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ အပါအဝင် ဧည့်သည် ၁,၀၀၀ လောက်ကို အိမ်ဖြူတော်မှာ ဖိတ်ကြားပြီး အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက “ကျွန်တော်တို့တွေဟာ အမှောင်ကျရောက်ခဲ့တဲ့ နှစ်တွေ၊ ကပ်ရောဂါနဲ့ သီးခြားနေရတဲ့ နှစ်၊ နာကျင်မှုတွေ၊ စိုးရွံ့မှုတွေ၊ စိတ်နှလုံး မချမ်းမြေ့ရတဲ့ နှစ်ကနေ လွတ်မြောက်လာနေတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ မစ္စတာ Biden က “COVID-19 ကို မနှိမ်နင်းနိုင်သေးဘူး” လို့ သတိပေးခဲ့ပြီး အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်နဲ့ တူတဲ့ အားကောင်းတဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီမျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေကို အကောင်းဆုံး ကာကွယ်ဖို့က ကာကွယ်ဆေးထိုးဖို့ ဖြစ်တယ်လို့ သူက အလေးထား ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်မှာရှိတဲ့ National Mall မှာ နှာခေါင်းစည်း မတပ်သူ တော်တော်များများ စုဝေးခဲ့ကြပြီး လွတ်လပ်ရေးနေ့ကို ဆင်နွှဲခဲ့ကြပါတယ်။
ကာကွယ်ဆေးထိုးတဲ့ အစီအစဉ် တိုးတက်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေ ပြန်စနိုင်ခဲ့ပြီ ဖြစ်ပါတယ်။