တင်းကျပ်တဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေ သက်တမ်းတိုးချဲ့နိုင်ခြေ အာရုံစိုက် စဉ်းစားနေ

တိုကျိုနဲ့ အနီးဝန်းကျင်က ခရိုင် ၃ ခုအပေါ် ချမှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို တိုးချဲ့မလားဆိုတာကို အစောဆုံး ကြာသပတေးနေ့မှာ ဆုံးဖြတ်ဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဒီတိုးချဲ့မှုဟာ အိုလံပစ်အားကစားပွဲတွေကို တက်ရောက်သူတွေအတွက် အကျိုးသက်ရောက်နိုင်ပါလိမ့်မယ်။

တိုကျိုနဲ့ တခြား ခရိုင် ၉ ခုမှာ တင်းကျပ်ထားတဲ့ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီဆောင်ရွက်ချက်တွေထဲမှာ စားသောက်ဆိုင်တွေကို ဆိုင်ဖွင့်ချိန် လျှော့ချဖို့ တောင်းဆိုထားတာတွေ ပါဝင်ပါတယ်။ အိုကီနာဝါခရိုင်အပေါ် အရေးပေါ်အခြေအနေကြေညာချက်နဲ့ အတူ လာမယ့် တနင်္ဂနွေနေ့အထိ အဲဒီဆောင်ရွက်ချက်တွေကို ဆက်ထားဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ ၇ ရက်တာ ကူးစက်မှု ပျမ်းမျှအရေအတွက် တိုးလာနေတဲ့ တိုကျိုနဲ့ အနီးခရိုင် ၃ ခုတွေမှာ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ သက်တမ်းတိုးချဲ့ဖို့ လိုအပ်လိမ့်မယ်လို့ အစိုးရ တာဝန်ရှိသူတော်တော်များများက ပြောပါတယ်။
ကာကွယ်ဆေးထိုးရေး တိုးတက်မှုနဲ့ ဆေးရုံ ဆေးခန်းတွေရဲ့ လုပ်နိုင်စွမ်းကို လေ့လာသုံးသပ်ပြီးနောက် အစိုးရအနေနဲ့ တင်းကျပ်ထားတဲ့ ဆောင်ရွက်ချက်တွေကို တိုးချဲ့မလားဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေဆီကနေ အမြင်သဘောထားတွေကိုလည်း တောင်းခံသွားမှာ ဖြစ်ပါတယ်။
အစိုးရက ဗိုင်းရပ်စ် တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို စေ့စေ့စပ်စပ် ဆောင်ရွက်ဖို့အတွက် ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ဆက်လက် တိုက်တွန်းသွားဖို့ စီစဉ်နေပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ တိုးချဲ့မှုဟာ လာမယ့် တိုကျိုအိုလံပစ်အားကစားပွဲတွေအတွက် ပွဲကျင်းပတဲ့နေရာတွေမှာ ထိုင်ခုံပမာဏ ကန့်သတ်ချက်တွေကို ပြန်သုံးသပ်ဖို့ လိုအပ်ချက်ကို ဖြစ်ပေါ်စေပါလိမ့်မယ်။
အခုအချိန်မှာတော့ ပရိသတ် ထိုင်ခုံပမာဏရဲ့ ၅၀ ရာခိုင်နှုန်း မကျော်သရွေ့ ကြည့်ရှုသူကို ၁၀,၀၀၀ အထိ ခွင့်ပြုမှာ ဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူ တချို့က ညဘက်ပွဲစဉ်တွေနဲ့ ကျယ်ဝန်းတဲ့ နေရာတွေအတွက် ပွဲကြည့်ပရိသတ် မပါဘဲလုပ်ဆောင်ဖို့ အဆိုပြုထားပါတယ်။