မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၁)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီလို မိုးကြီးတာတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်မယ့် အစီအစဉ် အပိုင်း (၁) ဖြစ်ပါတယ်။

ဒီနေ့မှာတော့ တိမ်းရှောင်တဲ့ အချိန်မှာ သတိထားရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး မိုးအကြီးအကျယ် ရွာသွန်းနေချိန်မှာ တိမ်းရှောင်တဲ့ အခါဘောင်းဘီလိုမျိုး အလွယ်အကူ လှုပ်ရှားနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်သင့်ပါတယ်။ နွေရာသီမှာတောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်တာဟာ ထိခိုက်မှု တွေကနေ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ နောက်ပြီး မိမိ အမြဲဝတ်လေ့ရှိတဲ့ Sneaker လိုမျိုး ဖိနပ်ကို ရွေးချယ်စီးသင့် ပါတယ်။ လည်ရှည် ဘွတ်ဖိနပ်တွေဟာ အတွင်းကို ရေဝင်ရောက်နေနိုင်တာကြောင့် လေးလံလာစေပြီး သွားလာဖို့ ခက်ခဲစေပါတယ်။ ခြေညှပ်ဖိနပ်နဲ့ တခြား ရှူးဖိနပ်တွေကတော့ အလွယ်တကူ ကျွတ်ထွက်စေနိုင်ပြီး အန္တရာယ်ရှိတာကြောင့် မစီးသင့်ပါဘူး။ မိမိ နဲ့ အတူယူဆောင်သွားမယ့် အိတ်အတွင်းမှာ အနည်းဆုံး လိုအပ်တဲ့ ပစ္စည်းကိုပဲ ထည့်ပြီး တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးဖြစ်နေစေဖို့ လိုအပ်ပါတယ်။ ကျောပိုးအိတ်ကို အသုံးပြုသင့်ပြီး လက်တွေမှာ ဘာပစ္စည်းမှ မကိုင်ထားတာ အကောင်းဆုံးပါ။ ခြေချော်ချတာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပါ။ ထီးဆောင်းတာထက် မိုးကာအင်္ကျီ ဝတ်ဆင်တာက ပိုပြီးဘေးကင်းစိတ်ချ ရပါတယ်။
မိုးအကြီးအကျယ် ရွာသွန်းတဲ့အခါ မိမိ ပတ်ဝန်းကျင်မှာ အခြေအနေ အဆိုးဆုံး မဖြစ်လာခင် အချိန်မှာ တိမ်းရှောင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ မြစ်ရေကြီးလာတဲ့အခါ မော်တော်ကားတွေတောင် ရေထဲမှာ အလျင်အမြန် မျောပါသွား နိုင်ပါတယ်။ မိမိနေထိုင်ရာ ဒေသန္တရမြို့အုပ်ချုပ်ရေးအဖွဲ့က တိမ်းရှောင်ရေးအမိန့် ထုတ်ပြန်တာနဲ့ တစ်ပြိုင်နက် အမြန်ဆုံး တိမ်းရှောင်သင့်ပါတယ်။
အသက်အရွယ်ကြီးသူတွေနဲ့ တခြားသူတွေကို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ တိမ်းရှောင်ဖို့ တိုက်တွန်းချိန်မှာ မသန်စွမ်းသူတွေနဲ့ ကြာရှည်မလှုပ်ရှားနိုင်သူတွေလည်း စတင် တိမ်းရှောင်သင့်ပါတယ်။
ဒီသတင်းအချက်အလက်တွေက ဇူလိုင်လ ၅ရက်နေ့က ရရှိထားတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။ NHK World JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။