ဂျပန်သံရုံးဝန်ထမ်း နေအိမ်တွေထဲ မြန်မာတပ်ဖွဲ့တွေ ဝင်ရောက်မှု ဖြစ်ပွားခဲ့

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံး ဝန်ထမ်းတွေရဲ့ နေအိမ်ကို ဧပြီလအတွင်းက ခွင့်ပြုချက်မရယူပဲ ဝင်ရောက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

နိုင်ငံခြားသား အများအပြား နေထိုင်တဲ့ အဆောက်အအုံတစ်ခု ထဲကို ဧပြီလ ၁၇ရက်နေ့က ဝင်ရောက်မှု ရှိခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
လုံခြုံရေး အရာရှိတွေဟာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က အရာရှိ တစ်ဦးရဲ့နေအိမ်ကိုလည်း ဝင်ရောက်ခဲ့ပြီး မိသားစုဝင်တွေကို သေနတ်တွေနဲ့ချိန်ထားခဲ့ တယ်လို့ အဲဒီ သတင်းအရင်းအမြစ်က ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အိမ်တွေထဲဝင်ရောက်ပြီး မကြာခင်မှာ ပြန်ထွက်သွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိဘူးလို့ သူတို့က ဆိုပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့တဲ့ ရည်ရွယ်ချက်ကိုတော့ သေချာ မသိရှိရပါဘူး။
မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးက အဲဒီလို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုဟာ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ပဋိဉာဉ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပြီး မြန်မာဘက်ကို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က ဒီမိုကရေစီ ထောက်ခံသူတွေကို ထိန်းသိမ်းထားမှုတွေ လုပ်ခဲ့တဲ့အချိန်မှာ အခုလိုဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က ဧပြီလ ၁၈ရက်နေ့မှာ ဂျပန်လူမျိုး သတင်းထောက် Kitazumi Yuki ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် တစ်လအကြာမှာ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။