Atami မြို့ မြေပြိုမှုတွေမှာ ပျောက်ဆုံးသူ ၈၀ ရှိနေ

ကယ်ဆယ်ရေးလုပ်သားတွေဟာ ဒီသီတင်းပတ်ကုန်က ဂျပန်နိုင်ငံ အလယ်ပိုင်း အပန်းဖြေမြို့တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လူသေဆုံးခဲ့ရတဲ့ မြေပြိုမှုတွေမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှုတွေ တိုးချဲ့ လုပ်ဆောင်နေပါတယ်။

လူပေါင်း ၈၀ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စနေနေ့က Atami မြို့မှာရှိတဲ့ လူနေအိမ်နဲ့ အဆောက်အအုံ အနည်းဆုံး ၁၃၀ ဟာ ပြိုကျလာတဲ့ ရွံမြေတွေထဲ မျောပါသွား ခဲ့တယ်လို့ ခရိုင်က အရာရှိတွေက ပြောပါတယ်။
၄ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။
ဘေးအန္တရယ်ဖြစ်ခဲ့တဲ့ ဧရိယာမှာ လူပေါင်း ၂၁၅ ဦး နေထိုင်ကြောင်း စာရင်းရှိတယ်လို့ အရာရှိတွေ ဆိုပါတယ်။ အခုထိ သူတို့ထဲက လူပေါင်း ၁၃၅ ဦး ဘယ်မှာရောက်နေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒေသခံတွေက ပြီးခဲ့တဲ့ရက်တွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခတွေကို ပြန်ပြောပြခဲ့ပါတယ်။
မျောပါလာတဲ့ အပျက်အစီးတွေကြောင့် မြို့ ရေပေးဝေမှုနဲ့ လမ်းတွေ ပိတ်ဆို့ ပြတ်တောက်သွားခဲ့ပါတယ်။
လူအများအပြား သူတို့နေအိမ်တွေကနေ တိမ်းရှောင်ခဲ့ရပါတယ်။
လူတိုင်း ဘေးကင်းစိတ်ချရတယ်ဆိုတာကို အတည်ပြုနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သား ၁၅၀၀ ကျော်ဟာ ကြိုးပမ်းနေရဆဲ ဖြစ်တယ်လို့ အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါတယ်။