၂၀၂၀ပြည့်နှစ်က ကြီးမားတဲ့ မိုးသည်းထန်မှု ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်မှု နှေးကွေးနေဆဲ

ဂျပန် အနောက်တောင်ပိုင်းက ခူမာမိုတို ခရိုင်မှာ လူတွေ သေဆုံးခဲ့ရတဲ့ စံချိန်တင်မိုးသည်းထန်မှုဖြစ်ခဲ့တာ ဇူလိုင်လ ၄ ရက်နေ့မှာ တစ်နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

အဲဒီအချိန်က ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ တိုးတက်မှု နှေးကွေးနေဆဲဖြစ်ပါတယ်။
နောက်ပိုင်းမှ သေဆုံးခဲ့သူတွေအပါအဝင် အဲဒီ ဘေးအန္တရာယ်ကြောင့် စုစုပေါင်း လူ ၆၇ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ တခြား လူ ၂ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကုန်အထိ အိမ်ထောင်စုပေါင်း ၁၆၁၁ ခု က ပြည်သူ ၃၆၇၅ ဦးဟာ မိမိတို့နေအိမ်တွေကို စွန့်ခွာပြီး နေထိုင်နေကြရဆဲဖြစ်ပါတယ်။ သူတို့ဟာ ယာယီ အိမ်ရာတွေနဲ့ အစိုးရက ငှားရမ်းပေးထားတဲ့ ပုဂ္ဂလိက အိမ်ခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
ဘေးသင့်ဒေသထဲက ခရိုင်အတွက် အရေးပါတဲ့ ခရီးသွားလုပ်ငန်းမှာ အဓိကထားအားထားနေရတဲ့ တည်းခိုခန်းနဲ့ ဟိုတယ်တွေရဲ့ ထက်ဝက်လောက် ပြန်မဖွင့်နိုင်သေးပါဘူး။
အဲဒီတည်းခိုခန်းနဲ့ ဟိုတယ်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ စံချိန်တင်အောင် မိုးသည်းမှုနဲ့ ခရိုင်တွင်းက Kuma မြစ် ရေလျှံမှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။
Kuma မြစ်ကို ဖြတ်ပြီးဆောက်လုပ်ထားတဲ့ JR Hisatsu ရထားလိုင်းရဲ့ တံတား ၂ခု မြစ်ရေထဲ မျောပါသွားခဲ့ပါတယ်။ အဲဒီရထားလိုင်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ၈၇ ကီလိုမီတာရှည်တဲ့ အပိုင်းမှာ အခုထိ ရထားတွေပြန်မပြေးဆွဲနိုင်သေးဘူးလို့ သိရပါတယ်။ ရထားလိုင်းကုမ္ပဏီအနေနဲ့ ပြန်လည်ပြေးဆွဲရေး အစီအစဉ်ကိုတောင် မရေးဆွဲနိုင်သေးပါဘူး။