ဂျပန်နဲ့ Lithuania နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

ဩဇာလွှမ်းမိုးနိုင်ဖို့ တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်လာနေမှုအပေါ် စိုးရိမ်ကြောင်း Baltic ဒေသက ၃ နိုင်ငံနဲ့ တူညီတဲ့ သဘောထားတွေ ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ပြောကြားလိုက်ပါတယ်။

လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရင်း ရှေ့ဆက်သွားဖို့ အဲဒီနိုင်ငံတွေနဲ့ သဘောတူခဲ့တယ် လို့လည်း သူက ပြောကြားခဲ့ပါတယ်။
မစ္စတာ Motegi ဟာ Lithuania နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ အခုတစ်ကြိမ် သူ့ရဲ့ Baltic ဒေသ နိုင်ငံတွေရဲ့ခရီးစဉ်မှာ Lithuania ဟာ နောက်ဆုံး ခရီးတစ်ထောက် ဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့က တရုတ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ် ပင်လယ်က လက်ရှိအနေအထားတွေကို တရုတ်က အတင်းအကျပ် ပြောင်းလဲဖို့ တစ်ဖက်သတ်ကြိုးပမ်းနေမှု၊ ဟောင်ကောင်နဲ့ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက အခြေအနေ စတာတွေအပေါ် အလွန်စိုးရိမ်မိကြောင်း အမြင်ချင်းဖလှယ်ခဲ့ပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အပြည်ပြည်ဆိုင်ရာ စဉ်းမျဉ်းစည်းကမ်းတွေ ထိန်းသိမ်းထားရေးနဲ့ ခိုင်မာအောင်လုပ်ဆောင်ရေးတွေဟာ အရေးပါ ကြောင်းလည်း သူတို့ ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
အရှေ့တရုတ်ပင်လယ်ကိစ္စရပ်ဟာ တစ်ခြား လူတစ်ဦးတစ်ယောက်ရဲ့ ပြဿနာဖြစ်တယ်လို့ မယူဆကြောင်းနဲ့ ဂျပန်ရဲ့ စိုးရိမ်မှုတွေကို ကိုယ်ချင်းစာမှုအပြည့်အဝရှိကြောင်း အဲဒီ Baltic ဒေသ နိုင်ငံတွေက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆွေးနွေးမှုအပြီး သတင်းထောက်တွေနဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံရာမှာ မစ္စတာ Motegi က ပြောကြားခဲ့ပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖော်ဆောင်ရေးအတွက် အဲဒီနိုင်ငံတွေက ထောက်ခံကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။