ကာကွယ်ဆေးထိုးပြီးနောက် အဖျားရှိနေတာဟာ COVID-19 ကူးစက်ခံရတဲ့ လက္ခဏာဖြစ်နိုင်ခြေရှိ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပြီးနောက် ဆက်တိုက် အဖျားရှိနေတာဟာ အဲဒီ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်ခြေရှိတယ်လို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

များသောအားဖြင့် ဆေးထိုးပြီး နောက်တစ်နေ့မှာ အဖျားရှိတာ၊ ခေါင်းကိုက်တာနဲ့ တခြား ကာကွယ်ဆေးအပေါ် တုံ့ပြန်မှုတွေ ပြသလေ့ရှိပါတယ်။ Pfizer ကာကွယ်ဆေး ထိုးခဲ့သူတွေရဲ့ ၂ ရာခိုင်နှုန်းနဲ့ Moderna ကာကွယ်ဆေး ထိုးခဲ့သူတွေရဲ့ ၄ ရာခိုင်နှုန်းဟာ ပထမအကြိမ် ဆေးထိုးပြီး နောက် တစ်နေ့မှာ အပူချိန် ၃၇.၅ ဒီဂရီ ဆဲလ်စီးယပ်စ် နဲ့ အထက် အဖျားရှိခဲ့ကြတယ်လို့ အဲဒီဝန်ကြီးဌာနရဲ့ သုတေသန အဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။
ကာကွယ်ဆေးအပေါ် တုံ့ပြန်မှုနဲ့ COVID-19 ရောဂါလက္ခဏာကို ခွဲခြားဖို့ ခက်ခဲတာကြောင့် တချို့ အဖျားရှိသူတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ မစမ်းသပ်ဘဲ နေတာမျိုး ဖြစ်လာနိုင်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။
ဒါကြောင့် ၂ ရက်နဲ့ အထက် အဖျားရှိတာနဲ့ ချောင်းဆိုးတာ၊ အသက်ရှုမဝတာ၊ အနံ့နဲ့ အရသာ ပျောက်တာတွေလို တခြား COVID-19 လက္ခဏာတွေ ရှိတဲ့သူအနေနဲ့ ဆရာဝန်ကို ပြသဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးနောက် ဆက်တိုက် အဖျားရှိနေသူတွေကို ဆရာဝန်တွေက ကြည့်ရှုစစ်ဆေးချိန်မှာ ရောဂါပိုး စစ်ဆေးတာ ဒါမှမဟုတ် စစ်ဆေးနိုင်တဲ့နေရာကို လမ်းညွှန်တာတွေ လုပ်ဆောင်ကြဖို့လည်း ဆေးကုသရေးဌာနတွေကို အဲဒီဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။