တရုတ် အငှားကား ကုမ္ပဏီ Didi စည်းကမ်းထိန်းသိမ်းရေး အတွက် စစ်ဆေးခံနေရ

တရုတ်နိုင်ငံရဲ့ အကြီးဆုံး အငှားကား ကုမ္ပဏီ Didi Chuxing ဟာ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ စစ်ဆေးခံ နေရတယ်လို့ တရုတ် အင်တာနက် စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်အတွင်း အက်ပီလီကေးရှင်း ကနေ ဝန်ဆောင်မှု အသုံးပြုသူ အသစ်တွေ လက်ခံတာကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။
Didi ကုမ္ပဏီ က နယူးယောက် စတော့ လဲလှယ်ရေးစျေးကွက် NYSE မှာ ကုမ္ပဏီ စတော့ရှယ်ယာကို ပွဲဦးထွက် စရောင်းချခဲ့ပြီး ၂ ရက်အကြာဖြစ်တဲ့ သောကြာနေ့ မှာ အာဏာပိုင်တွေက ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စတော့ စျေးကွက်မှာ အသစ်ဖွင့်တဲ့ DiDi ကုမ္ပဏီရဲ့ IPO က ဒီနှစ် ထဲမှာ စတော့ရှယ်ယာ စျေးနှုန်း ဒုတိယ အများဆုံး ဖြစ်ခဲ့တယ်လို့ NYSE က ဆိုပါတယ်။
DiDi ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ဂျပန် Softbank ကုမ္ပဏီ အုပ်စုလည်း ပါဝင်ပါတယ်။
အခုလို စိစစ်စစ်ဆေးခြင်းဟာ သြဇာကြီးတဲ့ IT ကုမ္ပဏီကြီးတွေအပေါ် တရုတ်အစိုးရက ပိုမိုတင်းကြပ် လာတယ်ဆိုတာကို ပြတဲ့ ဥပမာနောက်တစ်ခု ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်အွန်လိုင်း စီးပွားရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Alibaba အုပ်စု ကို တရုတ်အစိုးရက ကြီးလေးတဲ့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။