ဂျပန်က ပစိဖိတ်ကျွန်းနိုင်ငံနဲ့ဒေသတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ ၃ သန်း ထောက်ပံ့သွားဖို့ရှိ

ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ ကျွန်းဒေသနိုင်ငံတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၃ သန်းကို တစ်ကမ္ဘာလုံးဆိုင်ရာ COVAX ကာကွယ်ဆေး အစီအစဉ်ကနေ တစ်ဆင့် ထောက်ပံ့သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ကတိပြုပြောကြားလိုက်ပါတယ်။

သောကြာနေ့က ပစိဖိတ်ကျွန်းဒေသတွေရဲ့ ခေါင်းဆောင်များ အစည်းအဝေးကို မစ္စတာ Suga က ကမကထပြု ကျင်းပခဲ့ပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံ ၁၈ ခု နဲ့ တောင်ပစိဖိတ်ဒေသတွေက ခေါင်းဆောင်တွေဟာ ဗီဒီယိုနဲ့ အွန်လိုင်းအစည်းအဝေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံ အနေနဲ့ အဲဒီဒေသမှာ ကာကွယ်ဆေးတွေကို အေးခဲနေအောင် သိုလှောင်ပြီး သယ်ဆောင်နိုင်အောင် "cold chain" လို့ ခေါ်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ထောင် နိုင်ဖို့အတွက် ဂျပန်က ပစ္စည်းကိရိယာတွေနဲ့ နည်းပညာပိုင်း ဆိုင်ရာ အထောက်အပံ့တွေ ပေးသွားမှာဖြစ်တယ်လို့ မစ္စတာ Suga က ဆိုပါတယ်။ ဒါဟာ ဆေးဘက်ဆိုင်ရာစနစ်တွေနဲ့ စီပွားရေး ပြန်လည်နလန်ထူလာရေး အထောက်အပံ့တွေ အပါအဝင် ဘက်စုံကူညီထောက်ပံ့ရေး အစီအစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်လို့ သူက ပြောကြားခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးတွေကို မျှမျှတတ ဖြန့်ဖြူးဖို့အတွက် COVAX ကာကွယ်ဆေး အစီအစဉ်ကနေ တစ်ဆင့် COVID-19 ကာကွယ်ဆေးတွေကို ဇူလိုင်လလယ် လောက်ကနေ စပို့ပေးသွားမယ်လို့ မစ္စတာ Suga က ပြောပါတယ်။
ယခုနှစ်ကုန်ဝန်းကျင်မှာ ကာကွယ်ဆေးအလုံးရေ ၃ သန်းကို ပို့ဆောင်သွားဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။