အိုလံပစ်အားကစားပွဲတွေမှာ အများဆုံး ခွင့်ပြုမယ့် ပရိသတ်အရေအတွက်ကို သုံးသပ်ဖို့ရှိ

မကြာခင်ကျင်းပတော့မယ့် အိုလံပစ်အားကစားပြိုင်ပွဲတွေ ကြည့်ဖို့ ခွင့်ပြုမယ့် ပရိသတ်အရေအတွက် အများဆုံးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ အပေါ် မူတည်ပြီး ပြန်လည် သုံးသပ်ဖို့ရှိမယ်လို့ အိုလံပစ်အားကစားပွဲ ကျင်းပရေးကော်မတီ အကြီးအကဲက အရိတ်အမြွတ် ပြောကြားလိုက်ပါတယ်။

ကော်မတီအကြီးအကဲ Hashimoto Seiko က သောကြာနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ ကော်မတီအနေနဲ့ ဗဟိုအစိုးရ၊ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့တွေ ၊ နိုင်ငံတကာအိုလံပစ် နဲ့ ပါရာလင်းပစ် ကော်မတီတို့နဲ့ အတူ ဂျပန်အစိုးရရဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက အဲဒီ အဖွဲ့အစည်း ၅ ခုရဲ့ ဆုံးဖြတ်ချက်မှာ တကယ်လို့ တိုကျိုမှာ ဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ရုတ်သိမ်းခဲ့မယ်ဆိုရင် အိုလံပစ်အားကစားပြိုင်ပွဲတွေ ကျင်းပမယ့်နေရာတွေမှာ ပြည်တွင်းပွဲကြည့်ပရိသတ် အရေအတွက် ၁၀၀၀၀ အထိ ဒါမှမဟုတ် အိုလံပစ်အားကစားပွဲနေရာမှာ ဆန့်တဲ့ဦးရေရဲ့ ၅၀ ရာခိုင်နှုန်း အထိ ခွင့်ပြုမယ်လို့ ဆိုတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ ရက် နေ့အထိ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စီမံချက်တွေ ရုတ်သိမ်းမှာလား သက်တမ်းထပ်တိုးမှာလား ဆိုတာကို အစိုးရက ဆုံးဖြတ်ဖို့ရှိပါတယ်။
တကယ်လို့ ကန့်သတ်ချက်တွေ သက်တမ်းထပ်တိုးခဲ့မယ်ဆိုရင် ဗိုင်းရပ်ထိန်းချုပ်ရေးဆိုင်ရာ စီမံချက်တွေအတိုင်းလိုက်နာပြီး အများဆုံး ခွင့်ပြုမယ့် ပွဲကြည့်ပရိသတ်အရေအတွက်ကို ၅၀၀၀ အထိ ဒါမှမဟုတ် ပွဲအတွင်းဆန့်တဲ့ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမှာ ဖြစ်ပါတယ်။
အဖွဲ့အစည်း ၅ ခု က အများဆုံးခွင့်ပြုမယ့် ပွဲကြည့်ပရိသတ် ဦးရေကို တိုးမြှင့်ခဲ့တဲ့အချိန်ကစပြီး တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာခဲ့ပါတယ်။
ပွဲကြည့်ပရိသတ်အရေအတွက် ကန့်သတ်မှုနဲ့ ပတ်သတ်ပြီး အဖွဲ့ ၅ ဖွဲ့ရဲ့ ဆွေးနွေးပွဲကို လာမယ့်အပတ်မှာ အစောဆုံး ကျင်းပသွားဖို့ မီးစ် Hashimoto က အကြံပြုထားပါတယ်။
ည ၉ နာရီ နောက်ပိုင်းမှာ ကျင်းပမယ့် အားကစားပွဲတွေကို ပရိသတ်ဝင်ကြည့်ခွင့်မပေးဘဲ ကျင်းပသွားဖို့ တိုကျိုနဲ့ ထိစပ်နေတဲ့ Chiba နဲ့ Saitama ခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးတွေက ပွဲကျင်းပရေး ကော်မတီဝင်တွေကို တိုက်တွန်းနေပါတယ်။
ကော်မတီအနေနဲ့ အိုလံပစ်ပွဲကျင်းပရာ နေရာတွေ တည်ရှိတဲ့ ခရိုင်ရဲ့အကြီးအကဲတွေ စကားကို နားထောင်သွားမယ်လို့ မီးစ် Hashimoto က ပြောပါတယ်။ ရောဂါမကူးစက်ဘူးလို့ အာမခံနိုင်တာ မဟုတ်ရင် ပွဲကြည့်ပရိတ်သတ်နဲ့အတူ အားကစားပွဲတွေ ကျင်းပမှာကို ပြည်သူတွေက ထောက်ခံမှာ မဟုတ်တဲ့အတွက် ပွဲကျင်းပရေးကော်မတီ စတဲ့ အဖွဲ့အစည်းတွေက ပွဲကြည့်ပရိတ်သတ်တွေကို ဘယ်လို အကြောင်းနဲ့မှ အားကစားပွဲတွေ လာမကြည့်စေချင်ဘူးလို့ မီးစ် Hashimoto က ဆိုပါတယ်။